တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

AA နှင့်ဆက်စပ်သံသယဖြင့် အိုင်ဒင်ရွာသား ၂ ဦးကို အပြီးသတ်အမိန့်ချရန် ရုံးချိန်းပေါင်း ၃ဝ ကျော်ရွှေ့ဆိုင်းခံနေရ၍ မိသားစုဝင်များ စိတ်ပျက်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 1.6k

နိရ ဉ္စရာ၊ ဇွန် ၁၆ / ၂၀၂၂
ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သံသယဖြင့် ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် အိုင်ဒင်ကျေးရွာသား ၂ ဦးကို အပြီးသတ်အမိန့်ချရန် ရုံးချိန်းပေါင်း ၃ဝ ကျော်ရွှေ့ဆိုင်းခံနေရသည့်အတွက် မိသားစုဝင်များ စိတ်ပျက်နေပြီဟု သိရသည်။
AA နှင့်ဆက်စပ်သံသယဖြင့် တရားစွဲခံထားရပြီး အပြီးသတ်အမိန့်ချမှတ်ရန် ရုံးချိန်းပေါင်း ၃ဝ ကျော်ရွှေ့ဆိုင်းခံနေရသူ ၂ ဦးမှာ ပုဏ္ဏားကျွန်းမြို့နယ် အိုင်ဒင်ကျေးရွာမှ ကိုနေလင်းဌေး (၂၇ နှစ်)နှင့် ဦးမောင်စောအေး (၃၃ နှစ်)တို့ တူဝရီးနှစ်ဦးဖြစ်သည်။
၎င်းတို့ကို လွန်ခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဧပြီလအတွင်း အပြီးသတ်အမိန့်ချမည်ဟု စတင်ချိန်း ဆိုခဲ့သော်လည်း ယမန်နေ့ ဇွန်လ ၁၅ ရက်အထိ ရုံးချိန်းအကြိမ်ကြိမ်ရွှေ့ဆိုင်းကာ အမိန့်ချမှတ်နိုင်ခြင်းမရှိသေးဟု မိသားစုဝင်များက ပြောသည်။
ကိုနေလင်းဌေး၏မိခင် ဒေါ်အောင်သန်းနုက “ရုံးချိန်းချိန်းတာလည်း ၃၂ ကြိမ်ရှိပြီ။ ဘာပြောရအုံးမှာလဲ ပြောရမှာတောင်စိတ်ကုန်သွားပြီ။ ပြောလို့လည်း ဘာမှအဓိပ္ပာယ်မရှိဘူး။ ရုံးချိန်းတွေသွားတာကလည်း ကျန်းကျန်းမာမာနဲ့ တွေ့ချင်လို့၊ သတိရလို့ သွားတာ။ ပြောစရာတွေကလည်း ပါးစပ်နဲ့ပြောလို့မကုန်တော့ဘူး” ဟုပြောသည်။
သူတို့ကိုအပြီးသတ်အမိန့်ချမှတ်ရန် ချိန်းဆိုနေသည်မှာ ယခုဆိုလျှင် ၁ နှစ်ခွဲအထိကြန့်ကြာနေပြီဟု သိရသည်။
ယမန်နေ့ရုံးချိန်းတွင် စစ်တွေခရိုင်တရားရုံး၌ အပြီးသတ်အမိန့်ချရန် ချိန်းဆိုထားခဲ့သော်လည်း အမိန့်ချမှတ်ရန် အဆင်သင့်မဖြစ်သေးဟုဆိုကာ ထပ်မံရုံးချိန်းလိုက်ပြန်သည်ဟု အမှုကိုလိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင်က နိရ ဉ္စရာသို့ပြောသည်။
"အမိန့်ချဖို့အဆင်သင့်မဖြစ်သေးဘူးတဲ့။ ဒီလိုပါပဲ။ ဒုက္ခတွေပေါ့" ဟု နိရ ဉ္စရာသို့ ပြောသည်။
သူတို့အမှုကို လာမည့် ဇွန်လ ၂၉ ရက်တွင် ထပ်မံရုံးချိန်းလိုက်ကြောင်း သိရသည်။
သူတို့ ၂ ဦးသည် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၆ ရက်တွင် စစ်တွေမှ အိုင်ဒင်ကျေးရွာသို့ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် စစ်တွေမြို့နယ် ကျောက်တန်းစစ်ဆေးရေးဂိတ်၌ AA နှင့် ဆက်စပ်သံသယဖြင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
နောက်တစ်နေ့ဖြစ်သည့် မတ်လ ရ ရက်တွင် အမှတ် (၉၀၈) အင်ဂျင်နီယာတပ်ရင်းမှ ဗိုလ်ကြီးအောင်ဖြိုးမြင့်က တရားလိုလုပ်ကာ အကြမ်းဖက်မှုပုဒ်မ ၅၀ (ည)၊ ၅၂ (က) တို့ဖြင့် အမှုဖွင့်တရားစွဲဆိုခံခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။ (NN-8)

ဆက်စပ် သတင်းများ