တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

AA အတွက် အခွန်ကောက်ခံပေးသည်ဟုဆိုကာ တရားစွဲခံထားရသည့် ကျောက်ဖြူမြို့ခံ ၂ ဦးကို ဇူလိုင် ၇ ရက်သို့ရုံးချိန်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 7.5k

နိရဥ္စရာ၊ ဇွန် ၂၃/၂၀၂၂
ရက္ခိုင့်တပ်တော်(AA)အတွက် အခွန်ကောက်ခံပေးသည်ဟုဆိုကာ တရားစွဲခံထားရသည့် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ ဒေသခံနှစ်ဦးကို ဇူလိုင်လ ၇ ရက်နေ့သို့ ရုံးချိန်းလိုက်ကြောင်း သိရသည်။
ဖမ်းဆီးခံရသူ ၂ ဦးမှာ ကျောက်ဖြူမြို့ စေတီတောင်ရပ်ကွက်မှ ဦးသန်းလှိုင် (၄၁)နှင့် ဒေါ်ခင်အုန်းနွဲ့(၅၆) နှစ်တို့ဖြစ်ကြပြီး AA အတွက် အခွန်ကောက်ခံပေးသည်ဟုဆိုကာ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(က)ဖြင့့် ကျောက်ဖြူမြို့နယ်တရားရုံးတွင် တရားစွဲဆိုခံထားရခြင်းဖြစ်သည်။
သူတို့ကို ယနေ့ ဇွန်လ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် ကျောက်ဖြူမြို့နယ်တရားရုံး၌ ရုံးချိန်းခဲ့သော်လည်း တရားရုံးက တစ်စုံတစ်ရာ စစ်ဆေးမှုမရှိဘဲ ဇူလိုင်လ ၇ ရက်နေ့သို့ ထပ်မံရုံးချိန်းလိုက်ကြောင်း ဒေါ်ခင်အုန်းနွဲ့၏သမီး မမြနှင်းနွဲ့အောင်က နိရဥ္စရာကို ပြောသည်။
"ဒီနေ့ရုံးချိန်းက စစ်လည်း မစစ်ဘူး။ ၇ လပိုင်း ၇ ရက်နေ့ကို ထပ်ပြီးရုံးချိန်းတယ်"ဟု ပြောသည်။
မိသားစုဝင်များအနေဖြင့် ရုံးချိန်းများသာသွားရသော်လည်း ထူးခြားမှုမရှိဘဲ အလုပ်ပျက်၊ ငွေကုန်ပြီး ကြန့်ကြာမှုများရှိနေသည်ဟု သူမက ဆက်ပြောသည်။
ဒေါ်ခင်အုန်းနွဲ့သည် ပန်းနာရင်ကျပ်ဝေဒနာခံစားနေရသူဖြစ်ပြီး နေအိမ်တွင် အမြဲမပြတ်ဆေးသောက်နေရသူဖြစ်၍ ချုပ်နှောင်ခံထားရချိန် တစ်ခုခုဖြစ်သွားမည်ကို မိသားစုဝင်များက စိုးရိမ်နေကြသည်။
အလားတူ ဒေါ်ခင်အုန်းနွဲ့နှင့်အတူတရားစွဲခံနေရသည့် ဦးသန်းလှိုင်သည် သားသမီး ၂ ဦးကို ဆိုင်ကယ်ဘေးတွဲမောင်းနှင်ကာ ရှာကျွေးနေသူဖြစ်ပြီး မည်သည့်အခွန်မှကောက်ခံခြင်းမရှိ၍ အမြန်ဆုံးလွှတ်ပေးစေလိုသည်ဟု ဇနီးဖြစ်သူ ဒေါ်ချိုချိုသိန်းက နိရဥ္စရာကို ပြောသည်။
ဒေါ်ခင်အုန်းနွဲ့နှင့် ဦးသန်းလှိုင်တို့ ၂ ဦးကို ပြီးခဲ့သည့်မေလ ၂၆ ရက် ညနေ ၄ နာရီကျော်ခန့်က ကျောက်ဖြူမြို့ရှိ ရွှေဥထမင်းဆိုင်အနီးတွင် ကျောက်ဖြူအခြေစိုက် ခလရ(၃၄)တပ်ရင်းမှ တပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခြင်းဖြစ်ပြီး ကျောက်ဖြူအကျဉ်းထောင်တွင် ထိန်းသိမ်းခံထားရသည်ဟု သိရသည်။ (NN-7)

ဆက်စပ် သတင်းများ