တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

စစ်ကောင်စီကဖမ်းဆီးထားသည့် စစ်တွေမှ လူ၂ဦးကို မှောင်ရိပ်ခိုမှုဖြင့် ထောင် ၁လချမှတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 2.8k


နိရဥ္စရာ၊ ဇွန် ၃၀/၂၀၂၂
ပြီးခဲ့သည့် ဇွန်လ၂၄ ရက်နေ့တွင် ဖမ်းဆီးခံလိုက်ရသည့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဓညဝတီ(က)ရပ်ကွက်မှ လူ ၃ ဦးထဲမှ ၂ ဦးကို ယနေ့ ဇွန်လ ၃၀ ရက်တွင် ထောင်ဒဏ် ၁ လချမှတ်လိုက်သည်ဟု သိရသည်။
ထောင်ချခံလိုက်ရသူ ၂ ဦးမှာ ဦးမောင်အေး (၅၂ နှစ်)နှင့် ဦးသိန်းရွှေ(၄၂ နှစ်)တို့ဖြစ်ကြပြီး ၎င်းတို့ကို မှောင်ရိပ်ခိုမှုဥပဒေပုဒ်မ ၆၁(ဂ)ဖြင့် စစ်တွေ မြို့နယ်တရားရုံးက ထောင်ဒဏ် ၁ လချမှတ်လိုက်ခြင်းဖြစ်သည်ဟု ဦးမောင်အေး၏မိသားစုဝင်တစ်ဦးက ပြောသည်။
“အခုတော့ သူတို့ကို စစ်တွေထောင်ချုပ်ကိုယူသွားကြပြီ။ မိသားစုတွေနဲ့တော့ ဒီနေ့တရားရုံးမှာ တွေ့ခွင့်ရခဲ့ပါတယ်။ ကျန်းမာရေးကတော့ ခြေထောက် တစ်ဖက် နည်းနည်း ဒဏ်ရာရနေတဲ့ပုံစံမြင်ခဲ့တယ်”ဟု ဆိုသည်။
အဆိုပါထောင်ချမှတ်လိုက်ချသူ ၂ ဦးမှာ ဖမ်းဆီးခံရသည့်နေ့မှစ၍ မိသားစုနှင့် ၇ ရက် ကြာအဆက်အသွယ်မရဘဲဖြစ်နေခဲ့ပြီးနောက် ယနေ့တွင် ထောင်ချ ခံလိုက်ရခြင်းဖြစ်သည်။
၄င်းတို့နှစ်ဦးနှင့်အတူ ယင်းနေ့က တစ်ရပ်ကွက်တည်းနေ ဦးအောင်လှစိန် (၆၃ နှစ်)လည်း ဖမ်းဆီးခံလိုက်ရပြီး လက်ရှိတွင် သူနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို မသိရသေးဟု မိသားစုဝင်များက ပြောသည်။
အလားတူ စစ်တွေမြို့ ကုန်တန်းရပ်ကွက်တွင် ဇွန်လ ၂၃ ရက် ညနေ၌ ဖမ်းဆီးခံလိုက်ရသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ ပိုးရွှီကုန်းကျေးရွာမှ ကိုမောင်မောင်လင်း(၂၆ နှစ်)သည်လည်း မိသားစုနှင့် အဆက်အသွယ် မရရှိသည်မှာ ၈ ရက်ကြာမြင့်နေပြီဖြစ်သည်ဟု မိသားစုဝင် များက ပြောဆိုနေကြသည်။ (NN-11)

ဆက်စပ် သတင်းများ