- Web Master
- ၀၆ ဧပြီ ၂၀၂၄
နိရဉ္စရာ၊ အောက်တိုဘာ ၈ ရက် (နိုင်ငံတကာ)
ဂျပန်နိုင်ငံမြို့တော် တိုကျိုအနီးတစ်ဝိုက်၌ အောက်တိုဘာ ၇ ရက်ညပိုင်းက ရက်ချက်စတာ စကေး (၅.၉) အဆင့်ရှိတဲ့ အင်အားပြင်းငလျင် တစ်ခုလှုပ်ခတ်ခဲ့တဲ့အတွက် လူ ၃၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဒီ အင်အားပြင်းငလျင်ဒဏ်ကို အပြင်းထန်ဆုံး ခံစားခဲ့ရတဲ့ တိုကျိုမြို့ Adachi ရပ်ကွက်မှာ ရထားတစ်စီး လမ်းချော်ပြီးနောက် တိုကျိုမြို့ မောင်းသူမဲ့ရထားလမ်းလွှဲစနစ်ဖြစ်သည့် Nippori Toneri Liner အား ရက်အတော်ကြာရပ်နားထားရဖွယ်ရှိတယ်လို့လည်း ဆိုပါတယ်။
ဒဏ်ရာရရှိသူ ၃၂ ဦးအနက် Saitama စီရင်စုမှ၂ ဦး နဲ့ Chiba စီရင်စုက ၁ ဦးတို့ ဒဏ်ရာ ပြင်းထန်တယ်လို့ မီးနဲ့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအေဂျင်စီကို ကိုးကားပြီး ဆင်ဟွာက သတင်းဖော်ပြပါတယ်။
တိုကျိုမြို့အတွက် ဆယ်စုနှစ်အတွင်း အင်အားအပြင်းအထန်ဆုံးငလျင်ဖြစ်တယ်လို့ အရှေ့ဂျပန် မီးရထားကုမ္ပဏီ (JR East)၏ အဆိုအရ သိရပါတယ်။
အောက်တိုဘာ ၇ ရက်ညပိုင်းမှ အောက်တိုဘာ ၈ ရက် မွန်းလွဲပိုင်း ဒေသစံတော်ချိန် ၃ နာရီ အထိ ကျည်ဆံရထား နှင့် ဒေသတွင်းရထားလိုင်း ၁၆ လိုင်း ခရီးစဉ် ပယ်ဖျက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများ ဖြစ်ပေါ်စေခဲ့တယ်လို့ ဆိုပါတယ်။
အောက်တိုဘာ ၈ ရက် နံနက်အထိ ရထားဝန်ဆောင်တွေကို ရပ်နားထားခဲ့ရတဲ့ အတွက် ခရီးသည် ၃၆၈,၀၀၀ ခန့် အပေါ် သက်ရောက်မှုရှိခဲ့တယ်လို့ သိရပါတယ်။
ဒီငလျင်ဟာ ဂျပန်ငလျင်ပြင်းအားသတ်မှတ်ချက်အဆင့် ၇ အနက် အဆင့် ၅ အထက်ရှိတယ်လို့ ဆိုပါတယ်။
တိုကျိုမြို့ Shinjuku ရပ်ကွက်ရှိအိမ်ခြေ ၂၅၀ ခန့်ဟာလည်း ငလျင်ကြောင့် ခေတ္တခဏ ဓာတ်အား ပြတ်တောက်တာတွေနဲ့ ကြုံခဲ့ရပြီးတိုကျိုမြို့လယ်မှာ ရေတွေ ပြတ်တောက်သွားမှုနဲ့ အတူ ရေယိုစိမ့်မှုများဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
ငလျင်လှုပ်ကြောင့် တိုကျိုနဲ့ အနီးအနားစီရင်စု ၃ ခုမှာ ဓာတ်လှေကားအတွင်း ပိတ်မိနေသူ၂၈ ဦးရှိခဲ့ပေမဲ့ ၎င်းတို့အားလုံးကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။