ကြာသပတေး၊ အောက်တိုဘာလ ၃၁ရက်၊ ၂၀၂၄

စစ်တွေနာဇီရွာ ရဲစခန်းအနီးရှိ နေအိမ်များ ဖြိုဖျက်ခံရမည့်အပြင် တစ်အိမ်လျှင် ကျပ်ငါးသောင်းစီကိုလည်း စစ်ကောင်စီ ကောက်ယူနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 984

ကြိုင်ဟိန်လင်း၊ နိရဉ္စရာ၊ အောက်တိုဘာ ၃၀/ ၂၀၂၄

ရခိုင်ပြည်၊ စစ်တွေမြို့၊ နာဇီရွာ(ခေါ်)စက်ရုံစုရပ်ကွက်ရဲစခန်းအနီးရှိ နေအိမ်များ ဖြိုဖျက်ခံရမည့်အပြင် တစ်အိမ်လျှင် ဖြိုဖျက်ကြေးအဖြစ် ကျပ်ငါးသောင်းစီကိုလည်း စစ်ကောင်စီက ကောက်ယူနေသည်ဟု သိရသည်။

နာဇီရွာရဲစခန်းလုံခြုံရေးအတွက်ဟုဆိုကာ ဖြိုဖျက်ပေးရမည့် နေအိမ်ပိုင်ရှင်များအနေဖြင့် မိမိတို့အိမ်ကို ကိုယ်တိုင် ဖြိုဖျက်မည်ဆိုလျှင် စစ်ကောင်စီကို ကျပ်ငွေ ငါးသောင်း ပေးဆောင်ရမည်ဖြစ်ပြီး ဖြိုဖျက်ရာမှ ထွက်ရှိလာသည့် သစ်၊ ဝါးများကို ကိုယ်တိုင် ယူသွား၍ရကြောင်း သိရသည်။

ငွေကြေးမပေးဆောင်လျှင် နေအိမ်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖြိုဖျက်သွားမည် ဖြစ်ပြီး ထွက်ရှိလာသည့်သစ်၊ ဝါးများအပါအဝင် အခြားပရိဘောဂပစ္စည်းများလည်း သိမ်းဆည်းခံရမည်ဖြစ်ကြောင်း ညွှန်ကြားထားသည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

"နေအိမ်တွေကို ကိုယ်တိုင်ဖြိုမှာလား၊ သူတို့ဖြိုရမှာလားဆိုပြီးတော့ ပြောတယ်။ ကိုယ်တိုင်ဖြိုမယ်ဆိုရင် အိမ်မှာရှိတဲ့ ပရိဘောဂတွေ၊ နေအိမ်ဖြိုဖျက်လို့ရတဲ့ သစ်၊ ဝါးတွေကို ယူသွားလို့ရတယ်ပေါ့။ အဲတွက် ပိုက်ဆံငါးသောင်းပေးရမယ်။ ပိုက်ဆံမပေးရင် သူတို့ကိုယ်တိုင်ဖြိုမယ်ပေါ့။ ဒါဆိုရင် ဘာမှလည်း မရဘူး"ဟု ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အဆိုပါရဲစခန်းလုံခြုံရေးအတွက် ခြံစည်းရိုးထိုးရန် အနီးအနားမှ နေအိမ်ပေါင်း ၆၀ ကျော်ကို တန်ဆောင်မုန်းလပြည့်နေ့မတိုင်ခင် ဖြိုဖျက်ပြီး နေရာပြောင်းရွှေ့ပေးရမည်ဟု အမိန့်ထုတ်ပြန်ထားသည်။

အဆိုပါရဲစခန်းအနီးမှ လူနေထိုင်မှုမရှိသည့် နေအိမ်လေးလုံးကိုလည်း ပြီးခဲ့သည့် သီတင်းကျွတ်လပြည့်မတိုင်ခင် စစ်ကောင်စီက အင်အားသုံး ဖြိုဖျက်ခဲ့သည်ဟု သိရသည်။

ယခုရက်ပိုင်းအတွင်း အဆိုပါရပ်ကွက်မှ လူပေါင်း ၂၀ နီးပါးကိုလည်း စစ်ကောင်စီက ဖမ်းဆီးပြီး နေအိမ် ၁၀ လုံးခန့်ကိုလည်း ဖြိုဖျက်သွားသည်ဟု အထက်ပါအမျိုးသမီးက ဆက်ပြောသည်။

"ပြီးခဲ့တဲ့ရက်ပိုင်းက ရာနဲ့ချီတဲ့ စစ်သားနဲ့ ရဲသားတွေက ရပ်ကွက်ထဲကိုဝင်လာတယ်။ စစ်ဘေးရှောင်သွားပြီး လူမနေတဲ့ ရဲစခန်းနောက်က နေအိမ် ၁၀ လုံးလောက်က ဖြိုတယ်။ ပြီးတော့ လူ ၂၀ လောက်ကိုလည်း ဖမ်းဆီးသွားတယ်" ဟု ပြောသည်။

ထို့အပြင် နေအိမ်ဖြိုဖျက်စဉ်အတွင်း ကန့်ကွက်သူများနှင့် ဓာတ်ပုံရိုက်သူများကိုလည်း ဖမ်းဆီးမည်ဟု ခြိမ်းခြောက်သွားသည်ဟု ပြောသည်။

စစ်ကောင်စီက နေအိမ်များအား ဖြိုဖျက်ပြီး နေရာပြောင်းရွှေ့ပေးကြရန် အမိန့်ပေးထားသော်လည်း နစ်နာသည့် အိမ်ပိုင်ရှင်မိသားစုများအတွက် တစ်စုံတရာ စီမံပေးမှုများလည်း မရှိဟု သိရသည်။

ထို့ကဲ့သို့ စီမံပေးမှုများလည်းမရှိ၍ အဆိုပါမိသားစုများမှာ နေထိုင်စားသောက်ရေးအတွက် သောကရောက်နေရသည်ဟု အမျိုးသမီးတစ်ဦးက ပြောသည်။

"ကျမတို့ဘဝက ကြက်တွေ၊ ငှက်တွေလို သိုလှောင်ခံထားရတယ်။ သူတို့ ကြိုက်တဲ့အချိန် ဖမ်းလို့ရတယ်။ သတ်လို့ရတယ်။ အခုနေအိမ်တွေလည်း ဖြိုဖျက်ခံရမယ်ဆိုတော့ နေစရာလည်းမရှိ၊ စားစရာလည်း မရှိဘူး။ အခုတောင်မှ လူတွေက ထမင်းငတ်နေကြပြီ" ဟု ပြောသည်။

လက်ရှိတွင် အာရက္ခတပ်တော် (AA)နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် နခခ (၅)တစ်ခုသာကျန်ရှိတော့သည့် မောင်တောမြို့၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)ရှိသည့် အမ်းမြို့နှင့် ဂွမြို့နယ်တို့တွင် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားလျက်ရှိသည်။

မကြာမီ စစ်တွေအပါအဝင် စစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်သည့် တောင်ကုတ်၊ ကျောက်ဖြူနှင့် မာန်အောင်မြို့တို့ကို AA က ထိုးစစ်ဆင်လာနိုင်၍ မြို့အဝင်အထွက်နေရာများနှင့် မြို့တွင်းရှိ စစ်တပ်ဧရိယာများတွင် ခြံစည်းရိုးကာရံခြင်းနှင့် ဘန်ကာများပြုလုပ်ကာ အပြိုင်အဆိုင် ခုခံစစ်များ ပြင်ဆင်လျက်ရှိနေသည်ဟု ဒေသခံများက ပြောသည်။

ဓာတ်ပုံ - စစ်တွေမြို့၊ ဘုမေရပ်ကွက်ရှိ ရဲတပ်ရင်း အမှတ် (၃၆) ရှေ့မျက်နှာစာ မြေလွတ်တွင် ဝင်ရောက်ကာ တဲထိုးနေထိုင်သည့် နေအိမ်များအား ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၁ ရက်၌ စစ်ကောင်စီက ဖြိုဖျက်ခဲ့စဥ်။

ဆက်စပ် သတင်းများ