သောကြာ၊ အောက်တိုဘာလ ၂၅ရက်၊ ၂၀၂၄

နိုင်ငံတော်မတည်မငြိမ်ဖြစ်စေရန် ဝါဒဖြန့်စွဲချက်ဖြင့် အမ်းမြို့မှ အမျိုးသမီး၂ ဦး အပါအဝင် ၄ ဦးကို စစ်ကောင်စီမှ ထောင်ဒဏ် ၃ နှစ်စီ ချမှတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 1.1k

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ မတ် ၂၂/၂၀၂၄

နိုင်ငံတော်မတည်မငြိမ်ဖြစ်စေရန် ဝါဒဖြန့်သည်ဟုဆိုကာ ၅၀၅(က)နှင့် ၃ ဦး၊ မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁)၊ ၁၇ (၂)တို့ဖြင့် ၁ ဦး၊ စုစုပေါင်း အမ်းဒေသခံ ၄ ဦးကို ရခိုင်ပြည်၊ အမ်းမြို့နယ် စစ်ကောင်စီတရားရုံးက ထောင်ဒဏ် (၃)နှစ်စီ အသီးသီး ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။

နိုင်ငံတော်မတည်မငြိမ်ဖြစ်ရန် ဝါဒဖြန့်သည်ဟုဆိုကာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲဆိုခံရသည့် အမ်းမြို့‌ ဈေးတောင်ရပ်ကွက်မှ မတင်နီလာအောင်၊ ဒိုင်ကြီးကျေးရွာမှ ‌‌ ဒေါ်မိုးပွင့်ဖြူ၊ ပြိုင်းတောကျေးရွာမှ ဦးဇော်ဝင်းထွန်းနှင့်  ပုဒ်မ ၁၇(၁)(၂)ဖြင့် တရားစွဲခံရသူ  အမ်းမြို့ ပြည်သူ့ကျန်းမာရေးဌာနတွင် အလုပ်လုပ်ကိုင်နေသည့် ဦးအောင်အောင်သိန်းတို့ ဖြစ်ကြောင်းသိရသည်။

၅၀၅(က)နှင့်အမှုဖွင့်ခံထားရသူ ၃ ဦးကို မတ်လ (၈)ရက် နေ့က အမ်းမြို့နယ်တရားရုံးတွင် အမိန့်ချမှတ်ခဲ့ပြီး ၁၇(၁)၊(၂)ဖြင့်အမှုဖွင့်ခံရသူ ဦးအောင်အောင်သိန်းကို မတ် လ ၁၉ရက်နေ့က အမိန့်ချမှတ်ခဲ့သည်ဟု အမ်းမြို့ခံတစ်ဦးက နိရဉ္စရာ သတင်းဌာနကိုပြောသည်။

" သူတို့တွေက အမိန့်ချတဲ့ရက်ကတော့မတူဘူး။ ထောင်ဒဏ် ၃ နှစ်ချခံရတာတော့တူတယ်။ ၅၀၅ (က)နဲ့ ထောင်ချခံရတဲ့ ဦးဇော်ဝင်းထွန်း ခမရ ၃၇၂က စစ်တပ်မိသားစုလို့သိရတယ်။ နောက်တစ်ယောက်က ပြည်သူ့ကျန်းမာရေးဌာနမှာ အလုပ်လုပ်နေတဲ့ဝန်ထမ်းပါ။  ဆရာဝန်တော့မဟုတ်ဘူး။ သူက ပုဒ်မ ၁၇နဲ့ ထောင်ဒဏ်ချမှတ်ခံရတာပါ " ဟုပြောသည်။

ထောင်ဒဏ်ချမှတ်ခံရသည့် အမျိုးသား(၂)ဦးကို ယနေ့ မတ် ၂၂ ရက်နေ့ နံနက်ပိုင်းက စစ်တွေ အကျဉ်းထောင်သို့ လေယာဉ်ဖြင့် ပို့ဆောင်လိုက်ပြီး ကျန်အမျိုးသမီး(၂)ဦးကို အမ်းမြို့တရားရုံးတွင် ဆက်လက်ထိန်းသိမ်းထားသည်ဟု အမ်းမြို့ခံတစ်ဦးက နိရဉ္စရာသတင်းဌာန ကိုပြောသည်။

" ယောက်ျားနှစ်ယောက်ကို ဒီနေ့ စစ်တွေထောင်ကို လေယာဉ်နဲ့ပို့တယ်။ နောက်မိန်းကလေး နှစ်ယောက်ကိုတော့  နောက်တစ်ခေါက်ပို့မယ်ထင်တယ်" ဟုပြောသည်။

အမ်းမြို့၊ စျေးတောင်ရပ်ကွက်နေ “Nilar Aung”  facebook အကောင့်ပိုင်ရှင် တင်နီလာအောင်(ခ) မီးငယ်အား စစ်ကောင်စီက ၂၀၂၃ ခုနှစ်  ဒီဇင်ဘာ ၆ ရက်နေ့က ဖမ်းဆီးသွားခြင်းဖြစ်သည်။

လက်ရှိ ထောင်ဒဏ်ချခံရသူများသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ကာ လူမှုကွန်ယက်စာမျက်နာပေါ်၌  လှုံ့ဆော်ခြင်း ဝါဒဖြန့်မှုများ ပြုမှုလုပ်ဆောင်ခဲ့သည်ဟု ဆိုကာ  စစ်ကောင်စီမှ ဖမ်းဆီးတရားစွဲဆိုအမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ 

ဆက်စပ် သတင်းများ