သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ပုဒ်မ ၅၀၅ (က) ဖြင့်တရားစွဲဆိုဖမ်းဆီးခံထားရသည့် တောင်ကုတ် ALD ပါတီမှ ဦးကျော်ကျော်လင်း အပါအဝင်သုံးဦး လွတ်မြောက်လာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဇူလိုင် ၂၀၂၁
  • | ကြည့်ရှုသူ: 5.8k

ဆောင်းဇာခြည်
နိရဥ္စရာ၊ ဇွန် ၃၀/ ၂၀၂၁
နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (က) ဖြင့် တောင်ကုတ်မြို့တွင် ဖမ်းဆီး တရားစွဲဆို ခံထားရသည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) မှ တွဲဘက်အတွင်းရေးမှူး ဦးကျော်ကျော်လင်း အပါအဝင် သုံးဦးမှာ ယနေ့ဇွန်လ ၃၀ ရက်နေ့ ညနေပိုင်းက ပြန်လည် လွတ်မြောက်လာပြီဖြစ်ကြောင်း သတင်းရရှိသည်။
ဦးကျော်ကျော်လင်းနှင့်အတူ နောက်ထပ် လွတ်မြောက်လာသူ တောင်ကုတ်ဒေသခံ နှစ်ဦးမှာ ဦးမင်းလှိုင်ထွန်း (ခ) ကိုသားကြီးနှင့် ဦးဇာနည်ထူးထူးတို့ဖြစ်သည်။
ယနေ့ ဇွန်လ ၃၀ ရက်နေ့၌ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (က) ဖြင့် ဖမ်းဆီး အရေးယူခံ ထားရသော နိုင်ငံရေးအကျဉ်းသားများကို နစက ကောင်စီမှ လွတ်ပေးရာတွင် ၎င်းတို့ ၃ ဦးလည်း ပါဝင်လာခဲ့ခြင်း ဖြစ်ကြောင်း ၎င်းတို့ အမှုအားလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေ ဦးခင်မောင်ဌေးက ပြောသည်။
“မနေ့ကဆိုရင် သူတို့ရုံးချိန်းကို အမှုစစ်ခဲ့ရတယ်။ ဒါပေမဲ့ ဒီနေ့မှာ လွတ်လာတာဟာ စစ်ကောင်စီရဲ့ အမိန့်ကြောင့်လို့ ထင်မိပါတယ်။ ဒီနေ့မှာ ခရိုင်စစ်ကောင်စီက သူတို့ကို ခေါ်တယ်လို့ သိရပါတယ်။ ၅၀၅ (က) နဲ့တော့ အပြီးလွတ်တာပါ။ ဒါပေမယ့် သူတို့မှာ ငြိမ်းစုစီပုဒ်မ ၁၉ က ကျန်နေပါသေးတယ်။ ဒါကို ရင်ဆိုင်ရဦးမှာပါ” ဟု ပြောသည်။
ထို (၃) ဦးမှာ အာဏာသိမ်းယူမှုအပေါ် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့က တောင်ကုတ်မြို့ပေါ်တွင် ကန့်ကွက်ဆန္ဒပြခဲ့ခြင်းကြောင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ယင်းနောက် နိုင်ငံတော်အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ (က) နှင့် ငြိမ်းစုစီပုဒ်မ ၁၉ တို့ဖြင့် တရားစွဲခံခဲ့ရခြင်းဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။
လက်ရှိတွင် ပုဒ်မ ၅၀၅ (က) အမှုမှ အပြီးတိုင်လွတ်မြောက်လာခဲ့ခြင်းဖြစ်ပြီး ငြိမ်းစုစီ ပုဒ်မ ၁၉ ဖြင့် တရားစွဲခံထားရသည့် အမှုအား အာမခံရခဲ့ကာ တောင်ကုတ်မြို့နယ်တရားရုံးတွင် ဆက်လက် တရားရင်ဆိုင် ရမည်ဖြစ်ကြောင်း သူက ပြောသည်။
“သူတို့ကို တောင်ကုတ်မြို့မရဲစခန်းမှာ ထိန်းသိမ်းထားခဲ့တာပေါ့။ ဒီနေ့တော့ လွတ်လာကြပါပြီ။ ငြိမ်းစုစီ ကျန်နေသေးတာက သူတို့က ဆန္ဒပြခဲ့ကြတဲ့အတွက်ပါ။ မနေ့က မလွတ်ခင်အထိက အမှုဟာ ဘယ်အဆင့်ထိရောက်ခဲ့လဲဆိုတော့ တရားလိုပြသက်သေ နှစ်ယောက်ကို စစ်ဆေးခဲ့တဲ့အဆင့်ပဲ ရောက်ခဲ့ပါသေးတယ်။” ဟု ပြောသည်။
၄င်းတို့ ၃ ဦးကို ငြိမ်းစုစီပုဒ်မ ၁၉ ဖြင့် တရားစွဲခံထားရသည့် အမှုအား ဇူလိုင်လ ၇ ရက်နေ့တွင် ရုံးချိန်းချိန်းဆိုထားကြောင်း သိရသည်။
ဦးကျော်ကျော်လင်းပါ ၃ ဦးကို တောင်ကုတ်မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဦးစီးမှူး ဦးမောင်ထွီးခိုင်က တရားလိုလုပ်ကာ တောင်ကုတ်မြို့နယ်တရားရုံးတွင် တရားစွဲဆိုခြင်း ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
ယနေ့တွင် နိုင်ငံတော်အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ (က)ဖြင့် တရာစွဲဆိုဖမ်းဆီးခံထားရသူ ၂၀၀၀ ကျော်ကို အကျဉ်းထောင်အသီးသီးမှ ပြန်လည် လွတ်ပေးခဲ့သည်ဟု သတင်းရရှိသည်။
ဓါတ်ပုံ- ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်-တောင်ကုတ်မြို့နယ်

ဆက်စပ် သတင်းများ