တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

AA နှင့်ဆက်စပ်သံသယဖြင့် စွဲချက်တင်ခံထားရသော ဦးအောင်ဝင်းနိုင်အား မတ် ၁၄ ရက်တွင် အပြီးသတ်အမိန့်ချမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ မတ် ၂၀၂၂
  • | ကြည့်ရှုသူ: 1.7k

မြထွီးသျှင်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂၈/၂ဝ၂၂
ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သည်ဟုဆိုကာ စွဲချက်တင်ခံထားရသည့် ဦးအောင်ဝင်းနိုင်အား လာမည့် မတ်လ ၁၄ ရက်ရုံးချိန်းတွင် အပြီးသတ်အမိန့်ချမည်ဖြစ်ကြောင်း အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေဦးအောင်ကြည်နိုင်က ပြောသည်။
"ဒီကနေ့ကတော့ နှစ်ဘက်ရှေ့နေတွေက အပြီးသတ်လျှောက်လဲချက် ပေးကြတယ်ပေါ့။ နောက်လာမယ့်ရုံးချိန်းမှာတော့ အပြီးသတ်အမိန့်ချမှတ်သွားမယ်"ဟု ပြောသည်။
ဦးအောင်ဝင်းနိုင်၏ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၁)အမှုနှင့်ပတ်သက်ပြီး ယနေ့ ဖေဖော်ဝါရီလ ၂၈ ရက်ရုံးချိန်းတွင် တောင်ကုတ်မြို့နယ်တရားရုံး၌ နှစ်ဖက်ရှေ့နေများက အပြီးသတ်လျှောက်လဲချက်ကြားနာခဲ့ကြသည်ဟု သိရသည်။
သူရင်ဆိုင်နေရသည့် နောက်ထပ်အမှုတစ်ခုဖြစ်သော ပို့ကုန်သွင်းကုန်ပုဒ်မ (၈)အမှုတွင်မူ တောင်ကုတ်ရဲစခန်းမှ အမှုစစ် ဒုရဲအုပ်ခင်မောင်ဆန်းကို စစ်ဆေးခဲ့သည်ဟု သိရသည်။
ဦးအောင်ဝင်းနိုင်နှင့် အခြား ၆ ဦးတို့သည် ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ်၊ ဇွန်လ ၅ ရက် နံနက်ပိုင်းက တောင်ကုတ်-သံတွဲလမ်းပိုင်း ဖုံညိုစစ်ဆေးရေးဂိတ်တွင် စစ်တပ်၏ ဖမ်းဆီးခြင်းကိုခံလိုက်ရခြင်းဖြစ်သည်။
သူသည် ရက္ခိုင့်တပ်တော်(AA)သို့ သစ်အခွန်ခငွေသုံးသိန်း အခွန်ဆောင်ခဲ့ပြီး အမည်မသိ လူ ၆ ဦးကို AA သို့ပို့ဆောင်ပေးခဲ့သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)ဖြင့် တောင်ကုတ်မြို့ ၅၄၄ တပ်ရင်းမှ ဗိုလ်ကြီးကျော်ဇင်ဦးက တရားလိုပြုလုပ်ကာ တောင်ကုတ်မြို့နယ်တရားရုံးတွင် တရားစွဲဆိုခံထားရခြင်းဖြစ်ကြောင်း သိရသည်။
ဦးအောင်ဝင်းနိုင်ကိုစတင်ဖမ်းဆီးစဉ်က စီးသည့်ကားမှာ လိုင်စင်မဲ့ဖြစ်၍ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့်လည်း တောင်ကုတ်မြို့မရဲစခန်းမှ ရဲအုပ်ကျော်ဇေယျာဝင်းက တရားလိုပြုလုပ်ကာ တရားစွဲဆိုထားရသေးသည်။
သူနှင့်အတူဖမ်းဆီးခံခဲ့ရသူ ၆ ဦးနှင့်ပတ်သက်သည့်သတင်းအချက်အလက်များကို လက်ရှိအချိန်ထိ စုံစမ်း၍မရသေးပါ။
-----------------------------

ဆက်စပ် သတင်းများ