စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

မြောက်ဦးဆရာတော်ကြီးက မအီတောရတွင် ကျောက်တောင်ကြီးကို ထွင်းထုတည်ထားသည့် ဉာဏ်တော်ပေ(၉၀)လျောင်းတော်မူဘုရားကြီးပြီးစီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ သြဂုတ် ၂၀၂၁
  • | ကြည့်ရှုသူ: 5.8k

ခိုင်လူလှ (ရိုးမမြေ)
နိရဉ္စရာ၊ ဩဂုတ်၂၃/ ၂၀၂၁
မြောက်ဦးဆရာတော်ကြီး အရှင်ဝါယာမိန္ဒက တောင်ကုတ်မြို့နယ်၊ မအီမြို့၊ မအီတောရကျောင်းတွင် ကျောက်တောင်ကြီးကို ထွင်းထုတည်ထားသည့် ဉာဏ်တော်ပေ (၉၀) လျောင်းတော်မူ ဘုရားကြီးမှာ ယခုအခါ ပြီးစီးသွားပြီ ဖြစ်ပြီး လာမည့် တော်သလင်းလဆန်း ၁ရက် (၇-၉-၂၀၂၁) နေ့တွင် ရဟန်းတော်အပါး ၁၀၀ ကျော်ဖြင့် အနေကဇာ တင်ပွဲပြုလုပ် သွားမည်ဖြစ်ကြောင်း သိရှိရသည်။
၎င်းလျောင်းတော်မူဘုရားကြီးအား ဆရာတော်ကြီး၏ သက်တော် (၆၂) နှစ် မွေးနေ့အထိမ်းအမှတ် ကျောက်တောင်ကြီးထွင်း၍ ပူဇော်ထားခြင်းဖြစ်ပြီး အချိန် (၁၁) လယူပြီး ထွင်းထုခဲ့ရသည်ဟု သိရသည်။
မြောက်ဦးဆရာတော်ကြီးက “ လျောင်းတော်မူ ဘုရားက ပြီးသွားပါပြီ။ ဘုရားကို အနေကဇာက လာမယ့် တော်သလင်းလဆန်း တစ်ရက်နေ့ ဘုန်းဘုန်းရဲ့ မွေးနေ့မှာ တင်ပါမယ်။ အင်္ဂလိပ်ဆို ၉ လပိုင်း ၇ရက် နေ့ပေါ့။ ကိုဗစ်ကာလ ဖြစ်တဲ့ အတွက် ပွဲလန်းသဘင်တော့ ပါမှာမဟုတ်ဘူး။ ဒါပေမယ့် ဆရာတော် အပါး ၁၀၀ ကျော်လောက်ကို ပင့်ဖိတ်ပြီး အနေကဇာတင်မှာ ဖြစ်ပါတယ်” ဟု ဆရာတော်ကြီးက နိရဉ္စရာ သတင်းဌာနကို မိန့်ကြားသည်။
လျောင်းတော်မူ ဘုရားကြီးကို ထွင်းထုသော ပန်းပုဆရာမှာ မန္တလေး စကျင်တောင်က ပန်းပုဆရာကြီး ဦးစံဟိန်းဖြစ်ပြီး လက်ခမှာ ပန်းပုဆရာအဖွဲ့ကို သိန်း ၈၅၀ ဖြစ်ကြောင်း၊ ဘုရားကြီးတစ်ခုလုံး အပြီးအစီးတွက်ပါက သိန်း ၁၀၀၀ ခန့်ကုန်ကျကြောင်း၊ နောက်ထပ်လည်း သိန်း ၂၀၀ခန့် ကုန်ကျ နိုင်ကြောင်း၊ ဘုရားရင်ပြင်တော်ကို မလုပ်သေးကြောင်း၊ ကွန်ကရစ်ခင်းမည် ဖြစ်ကြောင်း၊ နည်းနည်းခိုင်ခိုင်ခန့်ခန့် လုပ်ရအုံးမည်ဖြစ်၍ ကုန်ကျစရိတ် များအုံးမည်ဖြစ်ကြောင်း ဆရာတော်က ဆက်လက်မိန့်ကြားသည်။
“ ဒီဘုရားအခုလို အောင်မြင်စွာပြီးစီးသွားတာနဲ့ ပတ်သက်ပြီး တပည့် တကာ တကာမတွေကို မိန့်ကြားလိုတာက အများပြည်သူတွေ ကုသိုလ်ကောင်းမှုတွေ တိုးပွားဖို့အတွက် ဒီဘုရားကို ဒီမှာလာတည်တာပေါ့။ ဒီဘုရားကို ဘုန်းဘုန်းကတော့ အဓိဌာန်ယူပြီးတော့ တည်ဆောက်လိုက်တဲ့ ဘုရားမို့လို့ အောင်မြင်မှုရသွားတာပေါ့နော်။ အဓိဌာန်ယူပြီးတော့ ဘုန်းဘုန်းရဲ့ သက်တော် ၆၂ နှစ်ပြည့် အထိမ်းအမှတ်နဲ့ မနှစ်ကတည်းက စလုပ်ခဲ့တာ။ အခုတော့ အဆုံးသတ်အောင်မြင်သွားပါပြီ” ဟု ဆရာတော်ကြီးက ဆက်လက် မိန့်ကြားသည်။
မအီတောရကျောင်းဝင်းအတွင်း၌ နှစ်ကျိပ်ရှစ်ဆူဘုရားများ၊ ဂျပန်ဘုရားပုံ ထိုင်တော်မူ ဆင်းတုတော်ကြီး တစ်ဆူကိုလည်း တည်နေကြောင်း ဆရာတော်ကြီးက မိန့်ကြားသွားသည်။

ဆက်စပ် သတင်းများ