စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

တစ်ရွာသားလုံးစွန့်ခွာခဲ့ရသောတင်းမကျေးရွာ၏ ဘုန်းတော်ကြီးကျောင်း မုန်တိုင်းကြောင့်ပျက်စီးသွားသဖြင့် ပြုပြင်ခွင့်ရရန်တောင်းဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 8.9k

အေးမြတ်ခိုင်
နိရဥ္စရာ ၊မေ ၃/၂၀၂၂
တိုက်ပွဲကာလအတွင်း တစ်ရွာသားလုံး စွန့်ခွာထွက်ပြေးခဲ့ကြရပြီး လက်ရှိ အချိန်ထိ ရွာသားများ ပြန်နေထိုင်ခွင့် မရသေးသော ကျောက်တော်မြို့နယ် တင်းမကျေးရွာ၏ ဘုန်းတော်ကြီးကျောင်းမှာ ဧပြီ ၂၀ ရက်က တိုက်ခတ် သွားခဲ့သော မုန်တိုင်းငယ်ကြောင့် ပျက်စီးသွားခဲ့သဖြင့် ကျောင်းကို အချိန်မီ ပြုပြင်ခွင့်ရရှိရန် တင်းမဆရာတော်အရှင်ဝါယာမိန္ဒက အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးထံသို့ မေလ ၂ ရက်နေ့က စာရေးတောင်းဆို လိုက်သည်ဟု သတင်းရရှိသည်။
တင်းမဆရာတော် အရှင်ဝါယာမိန္ဒက" ဧပြီ ၂၀ ရက်နေ့က တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းကြောင့် ကျောင်းခေါင်းမိုးတွေ ပျက်စီးသွားခဲ့တယ်။ ကျောင်းရဲ့ အခေါင်သုံးဆင့်မှာ ခေါင်မိုးသွပ်တွေကွာကုန်တယ်။ ကျောင်းရဲ့ နေရာ အများအပြားမှာလည်း တိုက်ပွဲကာလမှာ လက်နက်ကြီးကျထားတာတွေရှိတယ်။ ဓမ္မာရုံတွေ ဘာတွေမှာလည်း ထိထားတာရှိတယ်။ ဆရာတော်တို့ ကျောင်းက ပျဉ်းကတိုးနဲ့ ကျွန်းသစ်တွေနဲ့ဆောက်ထားတာ။ ဒါတွေကို မပြုပြင်ဘဲ ထားရင် အကုန်ပျက်စီး ဆုံးရှုံးသွားမှာ စိုးရိမ်တယ်” ဟု နိရဉ္စရာသတင်းဌာနကို မိန့်ကြားသည်။
၎င်းဘုန်းတော်ကြီးကျောင်းမှာ နှစ်သက်တမ်း ၁၀၀ ကျော်ပြီဖြစ်သည့်အတွက် ရှေးဟောင်း အမွေအနှစ်ဝင် ဘုန်းတော်ကြီးကျောင်းဖြစ်သဖြင့် ပြုပြင်ခွင့်ရရှိ လိုသည်ဟု ပြောသည်။
“ ဗုဒ္ဓဘာသာတွေ အထွဋ်အမြတ်ထားတဲ့ သာသနိကအဆောက်အအုံတွေ ပြုပြင်ဖို့ကိုတော့ တိုင်းမှူးတို့က ခွင့်ပြုသင့်တယ်လို့ ထင်တယ်။ ခွင့်လည်း ခွင့်ပြုစေချင်တယ်"ဟု ပြောသည်။
တင်းမဆရာတော်ကိုယ်တိုင်ဦးစီးကာ ကျောင်းတကာများ၊ လက်သမားများနှင့် တစ်ရက်နှစ်ရက်ခန့် သွားရောက်ပြီး အမိုးအကာများ ပြီးစီးအောင် ပြုပြင်လိုသည်ဟု ဆရာတော်က ဆက်လက်မိန့်ကြားသည်။
လက်ရှိ တင်းမကျေးရွာအနီးရှိ တောင်ရှည်တောင်တွင် စစ်တပ်က နေရာ ယူထားပြီး ရွာထဲသို့ လူများဝင်ရောက်လျှင် သေနတ်ဖြင့် လှမ်းပစ်ခတ်မှုများ ရှိနေ၍ ရွာသားများမှာ ၂ နှစ်ကျော်ကြာလာသည့်တိုင် နေရပ်ရွာသို့ မပြန်ဝံ့ကြဟု သိရသည်။
တင်းမကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ကျော်ဝင်းက "စိတ်မကောင်းဘူး။ ရွာအတွက်သော်လည်းကောင်း၊ ဘုန်းကြီးကျောင်းအတွက်သော်လည်းကောင်း၊ ဘာသာရေးအဆောက်အအုံးတွေသော်လည်းကောင်း အားလုံးပျက်စီးရတာ တွေမြင်ရတော့ စိတ်မကောင်းဘူး။ ဒါပေမဲ့ သွားချင်လို့၊ လုပ်ချင်လို့က အခွင့်မရဘူး" ဟု ပြောသည်။
တင်းမကျေးရွာအနီးတွင် ၂၀၂၀ ခုနှစ် မတ်လအတွင်း တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့မှုကြောင့် အိမ်ခြေ ၅၀၀ ကျော်ရှိရာတွင် နေအိမ် ၁၃၂ လုံးမီးရှို့ခံခဲ့ရပြီး ဆရာတော်အပါအဝင် ကျေးရွာသား ၃၀၀၀ ကျော်မှာ ကျောက်တော်မြို့နယ်ရှိ ကယ်ဆယ်ရေးစခန်းများကို ထွက်ပြေး တိမ်းရှောင်ခဲ့ကြရသည်။
ကယ်ဆယ်ရေးစခန်းများတွင်လည်း ရိက္ခာများထောက်ပံ့မှုမရှိသည်မှာ ၂ လခန့်ရှိပြီး နေရေးထိုင်ရေး အခက်များရှိနေသည့်အတွက် နေရပ်ကို အမြန်ဆုံးပြန်လိုကြောင်း တင်းမကျေးရွာသားများက ပြောဆိုသည်။
နေရပ်ပြန်နိုင်ရေးအတွက် ရက္ခိုင့်တပ်တော်(AA) နှင့် နစကကောင်စီ၏ သက်ဆိုင်ရာဌာနများကို ၇ ကြိမ်တိုင်တိုင် စာတင်တောင်းဆိုခဲ့သော်လည်း တင်းမကျေးရွာသားများ နေရပ်ပြန်ခြင်းမရှိသေးသဖြင့် အခက်အခဲမျိုးစုံဖြင့် စစ်ဘေးရှောင်စခန်းများတွင် နေထိုင်နေကြရသည်ဟု သိရသည်။

ဆက်စပ် သတင်းများ