စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

စစ်တွေတွင်ကျင်းပနေသည့်နိကယ်စာမေးပွဲတွင် သံဃာတော်အပါး ၁ ထောင်ခန့်ဖြေဆိုနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 5.4k

နိရဥ္စရာ၊ ဇွန် ၉/၂၀၂၂
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင်ကျင်းပနေသည့် နိကယ်စာမေးပွဲတွင် ရခိုင်တစ်ပြည်လုံးမှ သံဃာတော်အပါး ၁ ထောင်ခန့်ဝင်ရောက်ဖြေဆိုနေကြသည်ဟု သိရသည်။
အဆိုပါစာမေးပွဲကို စစ်တွေမြို့ လောကာနန္ဒာစေတီတော်မြတ်ပုရဝုဏ်အတွင်းရှိ သာသနာ့ဗိမာန်တော်၌ ဇွန်လ ရ ရက်မှ ဇွန်လ ၁၁ ရက်အထိ ၅ ရက်တိုင်တိုင်ကျင်းပနေခြင်းဖြစ်သည်။
နေ့စဉ် နေ့လယ် ၁ နာရီမှ ညနေ ၅ နာရီခန့်အထိ ဖြေဆိုနေကြရခြင်းဖြစ်သည်ဟုလည်း စာဖြေရဟန်းတော်တစ်ပါးဖြစ်သူ ကျောက်တော်မြို့နယ်မှ ဆရာတော်ဦးစန္ဒကုမာရက နိရဥ္စရာကိုမိန့်သည်။
"ဒီစာမေးပွဲက အုပ်စုလိုက် အုပ်စု (၉)အုပ်စုခွဲပြီးဖြေဆိုရတာဖြစ်ပါတယ်။ ဦးဇင်းကဆိုရင် အုပ်စု(၁)က နိကယ်ငါးကျမ်းကိုဖြေဆိုနေတာဖြစ်တယ်။ ဒီနေ့ကတော့ သုံးကျမ်းမြောက်ပေါ့။ နောက်ထပ် နှစ်ကျမ်းကျန်သေးတယ်။ ဒီနိကယ် ငါးကျမ်းစလုံးအောင်မှ နိကယ်ဝိထူဘွဲ့ကိုရမှာဖြစ်ပါတယ်" ဟု မိန့်သည်။
ရခိုင်တစ်ပြည်နယ်လုံးရှိ အခြားမြို့နယ်များတွင် ပဌမပြန်အဆင့်စာမေးပွဲလောက်သာကျင်းပပြီး စစ်တွေမြို့သည် ပြည်နယ်မြို့တော်ဖြစ်၍ စမ္မစရိယနှင့် နိကယ်စာမေးပွဲများကို ကျင်းပခြင်းဖြစ်သည်ဟုလည်း ပြည်နယ်သာသနာရေးဦးစီးဌာနမှ သာသနာ့ရေးရာလက်ထောက်(၃) ဦးဦးသိန်းထွန်းက ပြောသည်။
"ဒီနိကယ် စာမေးပွဲကတော့ မြတ်ဗုဒ္ဓသာသနာတော်တည်တံ့ခိုင်မြဲဖို့အတွက် ကျင်းပရခြင်းဖြစ်တယ်လို့တော့ သိရတယ်။ ပရိယတ်၊ ပဋိပတ်၊ ပဋိဝေဒဆိုတဲ့ သာသနာတော် သုံးရပ်ကို မကွယ်ပျောက်အောင် ထိမ်းသိမ်းစောင့်ရှောက်တဲ့အနေနဲ့ မြတ်ဗုဒ္ဓရဲ့ပညတ်တော် ဩဝါဒစာပေကို သံဃာတော်တွေက ဖြေဆိုနေတာဖြစ်ပါတယ်" ဟု ပြောသည်။
ထိုသို့နိကယ်စာမေးပွဲကို သံဃာတော်များဖြေဆိုရခြင်းသည် သာသနာ့ဘောင်အတွင်း၌နေထိုင်လျှင် သာသနာ့အလုပ်ဖြစ်သည့် ပရိယတ္တိစာမေးပွဲများကို ဖြေဆိုရမည်ဖြစ်ပြီး ငယ်ရွယ်စဉ်ကနေ စာပေပညာများကို ဖြေဆိုထားပါမှ စာပေပညာ၌ထူးချွန်သည့် ရဟန်းကောင်း၊ ရဟန်းမြတ်များဖြစ်လာမည်ဟုလည်း စာဖြေသံဃာတော်များက မိန့်ကြားကြသည်။
နိကယ်စာမေးပွဲသည် အစဉ်အဆက်ကျင်းပလာခြင်းဖြစ်ပြီး ယခုစာမေးပွဲသည် ၂၉ ကြိမ်မြောက်ဖြစ်သည်ဟုလည်း သိရသည်။
ယခုစာမေးပွဲဖြေဆိုနေသည့် သံဃာတော်များ လုံခြုံမူရှိစေရန် ပြည်နယ်ရဲတပ်ဖွဲ့ဝင်များက စောင့်ရှောက်ပေးလျက်ရှိပြီး ဘုရားဂေါပကအဖွဲ့သားများကလည်း အအေးနှင့် မုန့်များ ကပ်လှူလျက်ရှိသည်။ (NN-12)

ဆက်စပ် သတင်းများ