တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

ရသေ့တောင်မှ ဆရာမအသတ်ခံရမှုတွင် အဓိကသံသယရှိသူ ဦးမောင်မောင်အေး၏အစ်ကိုနှင့်အစ်မတို့အပါအဝင် နောက်ထပ် ၅ ဦးကို ULA/AA က စစ်ဆေးရန် ခေါ်ယူသွား


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၀၃ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.4k

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် စာပြသွားစဥ် အသတ်ခံလိုက်ရသည့် အလယ်တန်းပြ ကျောင်းဆရာမ ဒေါ်နှင်းယုနွယ်အမှုတွင် အဓိကသံသယရှိသူ ဦးမောင်မောင်အေး၏အစ်ကိုနှင့်အစ်မဖြစ်သူတို့အပါအဝင် နောက်ထပ်ရွာသား ၅ ဦးကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA)က စစ်ဆေးရန် ယမန်နေ့က ခေါ်ဆောင်သွားသည်ဟု သတင်းရရှိသည်။

အဓိကသံယရှိသည့် ဦးမောင်မောင်အေး၏ အစ်ကိုဖြစ်သူ မူလတန်း​ပြ ကျောင်းအုပ်ဆရာကြီး ဦးသန်းရွှေမောင်နှင့်အစ်မဖြစ်သူ ဒေါ်နုနုအေး အပါအဝင် ကျေးရွာသား ၅ ဦးကို ULA/AA က အောက်တိုဘာ ၂ ရက်၊ ညနေက ခေါ်ယူ စစ်ဆေးနေခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက နိရဉ္စရာကို ပြောသည်။

"သူ့အစ်ကို ကျောင်းအုပ်ဆရာကြီးနဲ့ သူ့အစ်မကိုခေါ်သွားတယ်။ နောက်ထပ် နှစ်ယောက်လည်း ပါတယ်။ နောက်တစ်ယောက်ကိုလည်း ထပ်ဖမ်းသွားတယ်။ စုစုပေါင်း ၅ ယောက်" ဟုပြောသည်။

ဆရာမအသတ်ခံရမှုတွင် အဓိကသံသယရှိသူ အသက် ၄၀ ကျော်အရွယ် ဦးမောင်မောင်အေးဆိုသူအပါအဝင် အဓိကသံသယရှိသူ ၂ ဦး၊ ဆက်စပ် သံသယရှိသူ ၁ ဦးနှင့် ဆရာအလောင်းအား မျက်မြင်တွေ့ရှိသူ ၆ ဦးတို့ကို ULA/AA က စက်တင်ဘာ ၁၇ ရက်မှစတင်စစ်ဆေးနေခဲ့သည်။

ယခု ၅ ဦးနှင့်ဆိုလျှင် စုစုပေါင်း စစ်ဆေးခံနေရသူ ၁၄ ဦးအထိရှိလာပြီဖြစ်သည်။

ယင်းအနက် အဓိကသံသယရှိသူ ဦးမောင်မောင်အေးသည် စက်တင်ဘာ ၁၉ ရက်ညတွင် ထွက်ပြေးသွားခဲ့သော်လည်း စက်တင်ဘာ ၂၆ ရက်တွင် ကျွန်းပေါ်ပေါက်တောရွာရှိ သူ၏ အစ်မ နေအိမ်အတွင်း ULA/AA က ဖမ်းမိခဲ့သည်။

အသက် ၃၇ နှစ်အရွယ် အလယ်တန်းပြကျောင်းဆရာမ ဒေါ်နှင်းယုနွယ်သည် သူနေထိုင်ရာ ရသေ့တောင်မြို့နယ်၊ ကျွန်းပေါ်ပေါက်တောကျေးရွာမှ ပန်းဖော်ပြင် အလယ်တန်းကျောင်းသို့ စက်တင်ဘာလ ၁၆ ရက်၊ နံနက်က စာပြရန်သွားစဉ် လမ်းတွင် အသတ်ခံလိုက်ရသည်။

သေဆုံးနေသည့် ဆရာမ၏ အလောင်းကို ယင်းနေ့၊ နံနက် ၁၁ နာရီခန့်တွင် ပန်းဖော်ပြင် ကျေးရွာနှင့် ကျွန်းပေါ် ပေါက်တောလမ်းပေါ်၌ ဒေသခံများက တွေ့ရှိခဲ့ပြီး ယင်းနေ့ ညနေ ၆ နာရီခန့်တွင် မြေမြှုပ်သင်္ဂြိုလ်ခဲ့ကြောင်း သိရသည်။

ဆရာမအသတ်ခံရသည့် အမှုမှာအများပြည်သူများက စိတ်ဝင်စားနေသော အမှုတစ်ခုဖြစ်ပြီး ကျူးလွန်သူကို အမြန်ဆုံးဖမ်းဆီးကာ ကြီးလေးသော ပြစ်ဒဏ်ကို ပေးရန်လည်း ဒေသခံများက လိုလား တောင်းဆိုလျက်ရှိသည်။ (NN-11)

ဆက်စပ် သတင်းများ