ဗုဒ္ဓဟူး၊ အောက်တိုဘာလ ၃၀ရက်၊ ၂၀၂၄

မီဘေးအန္တရာယ်ကြောင့် ရခိုင်မြို့ရွာလူနေရပ်ကွက်များအတွင်း စက်သုံးဆီ သိုလှောင်ရောင်းချမှုကို AA ကန့်သတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 538

ကံ့ကော်နီနီ ၊ နိရဉ္စရာ ၊ အောက်တိုဘာ ၂၉ / ၂၀၂၄

နွေရာသီရောက်လာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်ရန်အတွက် ရခိုင်ရှိ မြို့ရွာ ရပ်ကွက်များအတွင်း စက်သုံးဆီအများအပြား  သိုလှောင်ရောင်းချခြင်းကို အာရက္ခပြည်သူ့ အစိုးရမှ ကန့်သတ်လိုက်ကြောင်း သတင်းရရှိသည်။

“ လူနေရပ်ကွက် မြို့ရွာအတွင်း စက်သုံးဆီရောင်းချသူတွေ အနေနဲ့  နေအိမ်တွေနဲ့ ဆိုင်တွေမှာ  ဓာတ်ဆီဆိုရင် ဂါလံ ၂၀ ထက်မသိုလှောင်ဖို့နဲ့  ဒီဇယ်ဆီဆိုလျှင် ဂါလံ ၃၀ ထက်ပိုပြီ မသိုလှောင်ကြဖို့ ကန့်သတ် အမိန့်ထုတ်ပါတယ်။ အဓိကတော့ လူနေရပ်ကွက်တွေဆို မီးအန္တရာယ်ရှိလို့ အမိန့်ထုတ် တားမြစ်တာလို့ သိရပါတယ်” ဟု ပြောကြားသည်။

၎င်းကန့်သတ်အမိန့်ကို အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် နယ်မြေများတွင် ထုတ်ပြန်ခြင်း ဖြစ်ပြီး ပွင့်လင်းရာသီတွင် မီးဘေးအန္တရာယ် မကျရောက်စေရေး စက်သုံးဆီများကို အကန့်အသတ်ဖြင့်သာ သိုလှောင်ရောင်းချကြရန် ထုတ်ပြန်ချက်တွင် ပါရှိသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။


AA ထိန်းချုပ်ထားသည့် မြို့တစ်ခုမှ စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင်အမျိုးသမီးတစ်ဦးက " အောက်တိုဘာ ၂၇ ရက်၊  ဟိုတစ်နေ့က အမိန့်ထုတ်ကြေညာခဲ့တယ်။ အိမ်တွေ၊ ဆိုင်တွေမှာ စက်သုံးဆီတွေ ပမာဏ အများကြီး မသိုလှောင်ဖို့အမိန့်ထုတ်တာပေါ့။ လူနေရပ်ကွက်တွေမှာ ဆိုတော့ မီးဘေးအန္တရာယ်ဖြစ်မှာကြောင့်လို့ကြေညာခဲ့တယ်" ဟု ပြောသည်။

လက်ရှိရခိုင်လွတ်မြောက်မြို့များရှိ  လူနေရပ်ကွက်များတွင် စက်သုံးဆီအရောင်းဆိုင် များကို ရောင်းချမှုရှိလာ၍ ပွင့်လင်းရာသီတွင် မီးဘေးအန္တရာယ် ကျရောက်မည်ကို အများပြည်သူများက စိုးရိမ်မှုများရှိနေသည်ဟုလည်း သိရှိရသည်။

သတ်မှတ်ထားသည့် စက်သုံးဆီ ပမာဏထက် ပို၍သိုလှောင်ပါက အရေးယူခံရမည်ဟုလည်း AA က အသိပေးထားကြောင်း ရခိုင်မှ နောက်ထပ် စက်သုံးဆီရောင်းချနေသည့် အမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ မေလ ၁၄ ရက်ကတိုက်ခတ်ခဲ့သည့် မိုခါဆိုင်ကလုန်းမုန်တိုင်း နောက်ပိုင်းနှင့် ရခိုင်တွင် စစ်ပွဲများ စတင်ဖြစ်ပွားချိန်မှ စပြီးစစ်ကောင်စီက စက်သုံးဆီ တင်သွင်းခွင့်ကို ပိတ်ပင်လိုက်သဖြင့်  ရခိုင်တွင် စက်သုံးဆီပြတ်လပ်မှုနှင့် ကြုံခဲ့ရသည်။

လက်ရှိ တိုက်ပွဲကာလအတွင်းတွင် ဆီဆိုင်ကြီးများကို ပိတ်ထားရပြီး  တစ်ပိုင်တစ်နိုင် စက်သုံးဆီရောင်းချသည့် လက်ကားဆိုင်ငယ်လေးများ ပေါများ လျက်ရှိကြောင်း သိရသည်။



ဓာတ်ပုံ - ရခိုင် လူနေရပ်ကွက်များအတွင်း စက်သုံးဆီ ရောင်းချနေမှုအား တွေ့ရစဉ်။

ဆက်စပ် သတင်းများ