သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

မြန်မာစစ်တပ်မှ အဆိပ်ငွေ့သုံးပြီးတိုက်ခိုက်ကြောင်း TNLA ထုတ်ပြန်


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၁၈ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.6k

ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့ စခန်းသစ် လုံခြုံရေးကုန်းအား တအာင်းတပ်မတော် (TNLA) တိုက်ခိုက် သိမ်းပိုက်ရမိပြီးနောက် စစ်ကောင်စီဘက်မှ အဆိပ်ငွေ့ဗုံး စတင် အသုံးပြု တိုက်ခိုက်ခဲ့သည်ဟု PSLF/TNLA မှ သတင်းထုတ်ပြန်သည်။

TNLA မှ တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်ထားနိုင်ခဲ့သည့် စခန်းသစ် လုံခြုံရေးကုန်းနေရာတွင် နိုဝင်ဘာ ၁၈ ရက် နံနက်ပိုင်းမှ စတင်ပြီး စစ်ကောင်စီတပ်မှ အဆိပ်ငွေ့ဗုံးဖြင့် အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း အဆိပ်ဗုံးမှ အဆိပ်ငွေ့ကြောင့် တအာင်းတပ်မတော် TNLA ရဲဘော်အချို့သည် အဆိပ်ငွေ့သင့်ပြီး ဆေးကုသခံယူရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။



၁၀၂၇စစ်ဆင်ရေးအတွင်း တပ်မဟာ (၁)စစ်ဒေသ၊ နမ့်ခမ်းမြို့ စစ်ကောင်စီ၏ စခန်းသစ်တပ်စခန်းကို နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက် (၆း၀၀)နာရီမှ ညနက် သန်းခေါင်ယံထိ တအာင်းတပ်မတော် PSLF/TNLA မှ တိုက်ခိုက်ခဲ့ပြီး  ညနက် သန်းခေါင်ယံချိန်တွင် စစ်ကောင်စီ၏ စခန်းသစ်တပ် လုံခြုံရေးကုန်းအား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကာ  ရန်သူ့အလောင်းနှင့် လက်နက်ကြီး/ငယ် မျိုးစုံ (၁၃) လက်သိမ်းဆည်းရခဲ့မိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

တိုက်ပွဲဖြစ်ရာ နေရာသို့  နိုဝင်ဘာ ၁၈ ရက်နေ့ နံနက် (၈း၅၃)နာရီတွင် (၁)ကြိမ်၊ (၁၁း၂၅)နာရီတွင် (၁)ကြိမ် စစ်ကောင်စီတပ်မှ Jet Fighter ဖြင့် (၂)ကြိမ် တိုက်ပွဲဖြစ်ပွားရာ နမ့်ခမ်းဘက်သို့ ပစ်ကူပေးခဲ့ကြောင်း၊ တပ်မဟာ(၅)စစ်ဒေသ ကွတ်ခိုင်မြို့နယ် စစ်ကောင်စီ နမ့်ဖတ်ကာ တပ်စခန်းမှလည်း တိုက်ပွဲဖြစ်ပွားရာ နမ့်ခမ်းဘက်သို့ လက်နက်ကြီးဖြင့် (၃၆)ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။


တပ်မဟာ(၁)စစ်ဒေသ၊ နမ့်ခမ်းမြို့နယ် စစ်ကောင်စီ ခလရ-၁၄၄ မန်တပ် တပ်စခန်းမှ တိုက်ပွဲဖြစ်ပွားရာ နမ့်ခမ်းဘက်သို့ လက်နက်ကြီးဖြင့် (၁၂)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် နမ့်ခမ်းမြို့ အောင်ချမ်းသာရပ်ကွက်ရှိ လူနေအိမ်ပေါ်တွင် ကျရောက်ပေါက်ခဲ့ပြီး အိမ်(၂)လုံး ပျက်စီးခဲ့သည်ဟုဆိုသည်။

အလားတူ နိုဝင်ဘာလ ၄ရက်နေ့တွင်လည်း လားရှိုးမြို့နယ်၊ စစ်ကောင်စီ မိုင်းကျက်တပ်စခန်းအား တိုက်ခိုက်စဥ်တွင် စစ်ကောင်စီတပ်မှ အဆိပ်ငွေ့ဗုံးဖြင့် အသုံးပြုတိုက်ခိုက်ခဲ့ဟု ထုတ်ပြန်ချက် သတင်းတွင် ဖော်ပြထားသည်။ (NN-30)

ဆက်စပ် သတင်းများ