စနေ၊ မေလ ၁၈ရက်၊ ၂၀၂၄

ရခိုင်က မြို့နယ်အများအပြားတွင် မွေးကင်းစကလေးငယ်များ ကာကွယ်ဆေးများ မထိုးရဖြစ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 666

မောင်စာဂ/နိရဉ္စရာ၊ မေ ၄/၂၀၂၄

ရခိုင်က မြို့နယ်အများအပြားတွင်  မွေးကင်းစ ကလေးများ ကာကွယ်ဆေး မထိုးရဘဲ ဖြစ်နေကြောင်း၊ ထိုးနှံတိုက်ကျွေးရန် ကာကွယ်ဆေးများမရှိဖြစ်နေကြောင်း ဒေသခံများထံမှ တဆင့် သိရှိရသည်။

လက်ရှိတွင် AA က ထိန်းချုပ်ထားသည့် မြို့နယ်များသို့သွားလာရေးလမ်းကြောင်းများကို စစ်ကောင်စီက တင်းတင်းကျပ်ကျပ် ပိတ်ထားသည့်အတွက် ယင်းမြို့နယ်တွင်းရှိ ဆေးရုံများတွင် အဆိုပါကာကွယ်ဆေးများမရှိဘဲဖြစ်နေရသည်ဟု ကျောက်တော်မြို့နယ်မှ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

"ဒီဆေးတွေက အပြင်ဆေးဆိုင်တွေမှာ ဝယ်လို့မရဘူး။ ဆေးရုံကြီးတွေမှာပဲ အအေးခံစနစ်နဲ့ ရှိတာ။ အဲဒီဆေးရုံကြီးတွေကတဆင့် မြို့နယ်ဆေးရုံတွေဆီဖြန့်တာ။ မြို့နယ်ဆေးရုံတွေမှာ ဆိုလာနဲ့ သေချာ အအေးခံ သိမ်းဆည်းထားပြီးမှ ကျမတို့က လူဦးရေစာရင်းနဲ့တွက်ချက်ပြီး ထိုးပေးရတာဖြစ်ပါတယ်"ဟု ပြောသည်။

မွေးကင်းစ ကလေးများကို မွေးပြီးပြီးချင်း တစ်ကြိမ်၊ မွေးပြီးနောက် ၂ လတစ်ကြိမ်၊ ၄ လ တစ်ကြိမ်၊ ၆ လတစ်ကြိမ်၊ ၉ လတစ်ကြိမ်၊ ၁ နှစ်ခွဲတစ်ကြိမ် စသည်ဖြင့် ကာကွယ်ဆေး ၁၂ မျိုးအား အခမဲ့ထိုးနှံတိုက်ကျွေးရသည်ဟု ကျန်းမာရေး အသိုင်းအဝိုင်းမှ သိရသည်။

အဆိုပါကာကွယ်ဆေးများကို တစ်နေရာမှတစ်နေရာသို့ သယ်ယူမည်ဆိုပါကလည်း အအေးခံစနစ်ဖြင့် သေချာ စနစ်တကျထုပ်ပိုးသယ်ယူကြရပြီး သယ်ဆောင်ရာ လမ်းတစ်လျှောက် အအေးပေးမထားပါက ဆေးများပျက်စီးသွားတတ်သည်ဟုလည်း အထက်ပါကျန်းမာရေးဝန်ထမ်းက ဆက်ပြောသည်။

"အခုက လမ်းပန်းဆက်သွယ်ရေးခက်ခဲနေတော့ အဲဒီဆေးတွေကို အအေးခံပြီး သယ်လာဖို့ဆိုတာက သိပ်မလွယ်ဘူး"ဟု ပြောသည်။

ယင်းသို့ ကာကွယ်ဆေးများ အခက်အခဲရှိနေ၍ ကလေးများအတွက် အလွန်တရာ စိုးရိမ်ပူပန်နေရကြောင်း မွေးကင်းစ ကလေး မိခင်များက ပြောသည်။

မိခင်တစ်ဦးက "ကလေးကိုလည်း စစ်ဘေးရှောင်ဘဝနဲ့ အခက်အခဲအမျိုးမျိုးကနေ စိတ်ပင်ပန်း၊ လူပင်ပန်းခံပြီး မွေးပြီးသွားပြီ။ အခုတစ်ခါ ကလေးအတွက် ကာကွယ်ဆေးမရှိလို့ စိုးရိမ်ပူပန်နေရတယ်။ ခုချိန်မှာ ကလေးအတွက် အလိုချင်၊ အတောင့်တဆုံးကတော့ ကာကွယ်ဆေးရဖို့ပါပဲ။ ကလေးတွေ ရောဂါကင်းကင်းနဲ့ ကျန်းကျန်းမာမာနဲ့ ကြီးပြင်း လာစေချင်တယ်လေ။ သက်ဆိုင်ရာက အမြန်စီစဉ်ဖို့ မေတ္တာရပ်ခံချင်ပါတယ်"ဟု ပြောသည်။



ကလေးများအား ကာကွယ်ဆေး ၁၂ မျိုးကို အကြိမ်ပြည့် ထိုးနှံတိုက်ကျွေးခြင်းအားဖြင့် ပြင်းထန်တီဘီ၊ ပိုလီယိုအကြောသေ၊ ကြက်ညှာချောင်းဆိုး၊ ဆုံဆို့နာ၊ မေးခိုင်၊ Hib ဦးနှောက် အမြှေးရောင်/အဆုတ်ရောင်၊ အသည်းရောင်အသားဝါ(ဘီ)၊ ပြင်းထန်အဆုတ်ရောင်(ပီစီဘီ)၊ ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်၊ ဂျိုက်သိုးနှင့် ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါတို့ကို ကာကွယ်နိုင်ကြောင်း ကျန်းမာရေးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

ပုဏ္ဏားကျွန်းမြို့နယ်မှ ကျန်းမာရေးဝန်ထမ်းတစ်ဦးကမူ မွေးကင်းစကလေးများအတွက် ကာကွယ်ဆေးများကို ယခုလ မေလနှင့် ဇွန်လအတွင်း ထိုးနှံတိုက်ကျွေးလာနိုင်ရန် စီစဥ်လျက်ရှိသည်ဟု ပြောသည်။

"မေနဲ့ ဇွန်အတွင်းမှာ ထိုးနှံလာနိုင်လိမ့်မယ်လို့ ခန့်မှန်းမိတယ်"ဟု ပြောသည်။

ရခိုင်တွင် AA က ပေါက်တော၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး၊ ရမ်းဗြဲ၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မောင်တောမြို့နယ်ရှိ တောင်ပြိုလက်ဝဲမြို့နယ်များနှင့် ပလက်၀တို့ကို သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်သည်။

အဆိုပါမြို့နယ်များအတွင်းရှိ ဆေးရုံများတွင် မွေးကင်းစ ကလေးငယ်များအတွက် ကာကွယ်ဆေးများကို ယခင်က အအေးခံစနစ်ဖြင့်ထားရှိကာ အလုံအလောက် သိမ်းဆည်းထားရှိခဲ့သော်လည်း လက်ရှိတိုက်ပွဲကာလဖြစ်သဖြင့် ထိုသို့ သိမ်းဆည်းရန် အခက်အခဲရှိနေသည်ဟု သိရသည်။

သို့ရာတွင် အဆိုပါမြို့နယ်များ၌ AA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများအပြင်းအထန်ဖြစ်ခဲ့ချိန် ဆေးရုံဝန်ထမ်းများနှင့် ကျန်းမာရေးဝန်ထမ်းများအပါအဝင် မြို့လုံးကျွတ် အသက်လု ထွက်ပြေးခဲ့ရ၍ ထိန်းသိမ်းစောင့်ရှောက်သူမရှိဖြစ်ခဲ့သည့်အတွက် ဆေးများအားလုံး ပျက်စီးသွားခဲ့သည်ဟု သိရသည်။

ရခိုင်တွင် စစ်ကောင်စီသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်မှစတင်ကာ AA နှင့်တိုက်ပွဲများပြန်ဖြစ်ပြီးနောက် ကုန်းလမ်းနှင့် ရေလမ်းတို့ကို တင်းတင်းကျပ်ကျပ် ပိတ်ဆို့ထားကာ လူ့အခွင့်အရေးများကို အကြီးအကျယ် ချိုးဖောက်နေသည်ဟု ဒေသခံများက ပြောကြားသည်။

ဆက်စပ် သတင်းများ