ဗုဒ္ဓဟူး၊ မေလ ၈ရက်၊ ၂၀၂၄

ပလက်ဝတွင် စစ်ဘေးရှောင်အမျိုးသမီးနှစ်ဦး မျှစ်ရှာသွားရာမှ မိုင်းထိပြီး ပြင်းထန်ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 5.6k

နိရဉ္စရာ၊ ဇွန် ၂၀/၂၀၂၂
ချင်းပြည်နယ်၊ ပလက်ဝမြို့တွင် မျှစ်ရှာသွားသည့် စစ်ဘေးရှောင် အမျိုးသမီးနှစ်ဦး မြေမြုပ်မိုင်းနင်းမိ၍ ပြင်းထန်စွာ ဒဏ်ရာရှိသွားကြောင်း ဒေသခံများကပြောသည်။
မိုင်းနင်းမိ၍ဒဏ်ရာပြင်းထန်ရရှိသွားသူနှစ်ဦးမှာ ဒေါ်ဝင်းခင် (၃၈)နှစ်နှင့် ဒေါ်ချစ်ခင် (၅၀)နှစ်တို့ ဖြစ်ကြပြီး ၎င်းတို့မှာ ပလက်ဝမြို့ ဘောလုံးကွင်း စစ်ဘေးရှောင်စခန်းမှ ဖြစ်ကြသည်ဟု သိရသည်။
၎င်းတို့နှစ်ဦးသည် ယနေ့ နံက် ၉ နာရီကျော်ခန့်တွင် ပလက်ဝမြို့နှင့် အဘောင်သားကျေးရွာအကြားရှိ တောင်တောထဲသို့ မျှစ်ရှာရန်သွားစဉ် မိုင်းနင်းမိကာဒဏ်ရာရှိသွားခဲ့ခြင်း ဖြစ်ကြောင်း ဘောလုံးကွင်း စစ်ဘေးရှောင် စခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
"သူတို့နှစ်ယောက်အထဲမှာ ဒေါ်ဝင်းခင်က ပါးတစ်ဘက်လုံး ဒဏ်ရာရသွားတယ်။ သူ့ဒဏ်ရာကတော့ အများပါ။ သူက စိုးရိမ်ရတဲ့ အနေအထားမှာ ရှိတယ်။ နောက်တစ်ယောက်ဖြစ်တဲ့ ဒေါ်ချစ်ခင်မှာတော့ မိုင်းမှန်သွားရုံလေးပဲလက်မှာ ထိတာ” ဟုပြောသည်။
ဒေါ်ဝင်းခင်တွင် မျက်စိ၊ မျက်နှာ၊ လက်နှင့်ခြေထောက်တို့ပါ ထိမှန်ခဲ့ကာ ပြင်းထန်ဒဏ်ရရှိထားပြီး ဒေါ်ချစ်ခင်မှာ လက်ရှိတွင် မိုင်းထိမှန်ထားသည့် လက်အား ဓာတ်မှန်ရိုက်ထားရကြောင်းသိရသည်။
လက်ရှိတွင် ၎င်းတို့နှစ်ဦးစလုံးသည် ပလက်ဝပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေကြပြီး ဒေါ်ဝင်းခင်၏ အခြေအနေမှာ စိုးရိမ်ရကြောင်း ပလက်ဝဒေသခံများကပြောသည်။
ယခုမိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သောနေရာသည် အဘောင်သားကျေးရွာအနီးတွင် ဖြစ်ပြီး လွန်ခဲ့သည့် မေလ ၂၆ ရက်က ၎င်းနေရာတွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့အကြား တစ်နာရီ နီးပါးကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပီးခဲ့သည့် ဇွန်လ ၁၄ ရက်ကလည်း ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ် စညှင်းစစ်ရှောင် စခန်းမှ စစ်ဘေးရှောင်၂ ဦး စခန်းအနီးရှိတောင်ပေါ်သို့ မျှစ်သွားခူးစဉ် မိုင်းပေါက်ကွဲမှုဖြစ်၍ ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိသွားခဲ့သည်။
ဇွန်လ ၁၇ ရက်ကလည်း မိုင်းပေါက်ကွဲမှုကြောင့် ရသေ့တောင်မြို့နယ်တွင် လယ်သမား လင်မယားနှစ်ဦး ဒဏ်ရာရရှိသွားကြောင်းသိရသည်။ (NN-8)

ဆက်စပ် သတင်းများ