ဗုဒ္ဓဟူး၊ မေလ ၈ရက်၊ ၂၀၂၄

ကျောက်ဖြူမြို့ လယ်သမားတစ်ဦးနေအိမ်မှ ရွှေ(၇) ကျပ်အခိုးခံရမှု ကျူးလွန်သူကို အမြန်ဖော်ထုတ်ရန် မိသားစုများလိုလားနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ ဇန်နဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 9.5k

နိရဥ္စရာ၊ ဇန်နဝါရီ ၈/၂၀၂၃

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ မင်းဂံအုပ်စု၊ မင်းဂံကျေးရွာမှ နေအိမ်ဖောက်ထွင်းခံရပြီး ရွှေ(၇) ကျပ်အခိုးခံရမှုကို ရက်သတ္တပတ် (၂) ပတ်ကျော်လာပြီ ဖြစ်သည့်တိုင် ကျူးလွန်သူကို မဖော်ထုတ်နိုင်သေးသဖြင့် စိတ်မကောင်း ဖြစ်နေရသည်ဟု ကာယကံရှင်များက နိရဉ္စရာသတင်းဌာနကို ပြောဆိုသည်။

 ဖောက်ထွင်းခံရသည့်နေအိမ်မှာ ကျောက်ဖြူမြို့နယ်၊ မင်းဂံကျေးရွာမှ ဦးမောင်စောရင်၏နေအိမ်ဖြစ်ပြီး ဒီဇင်ဘာ ၂၃ ရက် နေ့လယ်ပိုင်းတွင် ဖောက်ထွင်းခိုးယူခံခဲ့ရခြင်းဖြစ်ကြောင်း သမီးဖြစ်သူ မလင်းလင်းစိုးက နိရဥ္စရာကိုပြောသည်။

 "တစ်အိမ်သားလုံး မနက်စောစော (၈) နာရီကျော်လောက်လယ်ပြင် သွားတယ်။ ညနေ (၄) နာရီလောက်မှပြန်ရောက်တာ။ ရောက်တဲ့အခါကျတော့ သော့ခလောက်တွေ အကုန်ပျက်နေပြီ။ အဲ့ဒီအခါကျမှ ရွှေတွေပျောက်ကုန်တာ သိရတာပါ"ဟု ပြောသည်။

 နေအိမ်ဖောက်ထွင်းခံရကာ စုဆောင်းထားသည့် သိန်း ၁၈၀ ခန့် တန်ဖိုးရှိသော ရွှေဆွဲကြိုး (၄) ပင်၊ ရွှေလက်ကောက် (၇)ကွင်း နှင့် ရွှေလက်စွပ် (၄)ကွင်း ၊ စုစုပေါင်း ရွှေ (၇) ကျပ်ခန့်အခိုးခံလိုက်ရကြောင်း သူမကပြောသည်။ 

 ယင်းအမှုကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA ) ၏ နယ်မြေတရားရုံးကို တိုင်ကြားထားပြီး ကျူးလွန်သူ တရားခံအား ကြိုးစားရှာဖွေ ဖော်ထုတ်နေသည်ဟု သိရကြောင်း သူမကဆက်ပြောသည်။

 "အေအေဘက်ကလူတွေကိုတော့ တိုင်ထားပါတယ်။ အခြေအနေတွေတော့ မထူးသေးပါဘူး။ သူတို့က အတက်နိုင်ဆုံး ကြိုးစားနေတယ်လို့တော့ ပြောပါတယ်" ဟု ပြောသည်။ 

 လက်ရှိ ရခိုင်တွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင်တပ်တော် (ULA/AA) နှင့် စစ်ကောင်စီတို့အကြား အုပ်ချုပ်ရေးအားပြိုင်မှုများရှိနေပြီ၎င်းကြားကာလအတွင်း တရားဥပဒေစိုးမိုးမှုအားနည်းမှုကို အခွင့်ကောင်းယူကာ  ခိုးဆိုးလုယက်မှု၊ ဖောက်ထွင်းမှု နှင့် လူသတ်မှုများလည်း မကြာခဏဆိုသလိုဖြစ်ပွားနေ၍ ဒေသခံများအကြား စိုးရိမ်မှုများရှိနေရကြောင်း သိရသည်။ (NN-7)

ဆက်စပ် သတင်းများ