တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ပေါက်တောမြို့နယ်တွင် ငါးဖမ်းသမားတစ်ဦး၏လှေပေါ်မှ ဟွန်ဒါစက်အား လူတစ်စုက အကြမ်းဖက်လုယူမှုဖြစ်ပွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ ဖေဖော်ဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 1.1k

နိရဥ္စရာ၊ ဖေဖော်ဝါရီ ၁၅/၂ဝ၂၃


ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် ကျောက်မောင်းကျေးရွာမှ စက်လှေဖြင့်ပိုက်ချနေသည့် ငါးဖမ်းသမားတစ်ဦး လှေပေါ်တွင် တပ်ဆင်ထားသည့် ဟွန်ဒါစက်အား  လူ ၃ ဦးပါသည့် က်လှေတစ်စီးက အကြမ်းဖက်ကာ လုယူသွားခဲ့သည်ဟု သိရသည်။

ကျောက်မောင်းကျေးရွာမှ ကိုရွှေမောင်သန်း(၂၅)နှစ်သည် ဖေဖော်ဝါရီလ ၁၄ ရက်၊ ည ၁ဝ နာရီခန့်တွင် ပေါက်တောမြို့နယ် ဖဒူကျွန်းနှင့် အင်္ဂရားချိုင်ကျွန်းကြား၌ငါးဖမ်းပြီး သူ၏ ဟွန်ဒါစက်လှေပေါ်တွင် အိပ်နေစဉ် အမည်မသိလူ ၃ ဦးက ဟွန်ဒါစက်လှေတစ်စီးဖြင့်လာရောက်ပြီး အကြမ်းဖက်ခဲ့ခြင်းဖြစ်သည်ဟု ကာယကံရှင် ကိုရွှေမောင်သန်းက နိရဥ္စရာကိုပြောသည်။

ယင်းသို့အကြမ်းဖက်စဉ် လူ ၃ ဦးအနက် ၁ ဦးက ကိုရွှေမောင်သန်း၏မျက်နှာအား အဝတ်ဖြင့်စည်းကာ လက်သီးဖြင့်ထိုးကြိတ်၊ ခြေဖြင့် ကန်ကျောက်ပြီး အခြား ၁ ဦးက သူ၏ကျောကုန်းနှင့် ဦးခေါင်းတို့ကို တုတ်ဖြင့် ရိုက်နှက်ခဲ့သည်ဟု ဆိုသည်။

ကျန် ၁ ဦးက ငှက်ကြီးတောင်ဓားရှည်ဖြင့် လှမ်းခုတ်စဉ် ရှောင်လိုက်နိုင်၍ ထိမှန်မှုမရှိခဲ့ဟု နိရဥ္စရာကိုပြောသည်။

ကျနော်က ကိုယ့်ဘဝတော့ ဆုံးပြီ။ သူတို့က အသေလုပ်တာလေ။ ပြီးတော့ ဓားနဲ့ တစ်ယောက်ခုတ်တော့ ကျနော် ရှောင်လိုက်နိုင်လို့ လွတ်သွားတာပါ။ နောက်တစ်ယောက်ကတော့ မခုတ်နဲ့။ ခုတ်လို့မရဘူးဒီကိစ္စကိုလို့ ရခိုင်စကားနဲ့ ပြောပါတယ်ဟု ပြောသည်။

ယင်းသို့ ထိုးကြိတ်ကန်ကျောက်ရိုက်နှက်မှုကြောင့် ကိုရွှေမောင်သန်းသည် သတိမေ့ဟန်ဆောင်လိုက်ပြီးမှ အကြမ်းဖက်သူများက ဆက်လက်ရိုက်နှက်ခြင်းမရှိခဲ့ဟု ဆိုသည်။

ယင်းနောက် ကိုရွှေမောင်သန်းဝတ်ဆင်ထားသည့် ပုဆိုးများကို ဆုတ်ဖြဲ၍ သူ၏ခြေလက်တို့ကို လှေနှင့်ပူးချည်ကာ သူ့ပါးစပ်ကိုလည်း မအော်နိုင်အောင် ပုဆိုးစများဖြင့်ထိုးထည့်ထားခဲ့ပြီး ဟွန်ဒါစက်နှင့် စက်လှေပေါ်ပါရှိသည့် ဆီဗူးအပါအဝင် တိုလီမုတ်စများကို ယူဆောင်ထွက်ပြေးသွားခဲ့ကြသည်ဟု ကာယကံရှင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ကျနော့်တူလေး ဘိုချေဆိုတဲ့ကောင်လေးက သူနဲ့ မနီးမဝေးမှာ ပိုက်ချနေတာ။ သူက ရွှေမောင်သန်းကို အော်ခေါ်သေးတယ်။ တုံ့ပြန်သံမကြားရတာကြောင့် လှေနားကိုသွားကြည့်မှ အဝတ်ဗလာနဲ့ ချည်နှောင်ခံထားရတာတွေ့တယ်။ ဒီနောက်မှာ စက်လှေကို ဆွဲပြီး ကမ်းနားကိုပို့တယ်။ ပြီးတော့မှ သူ့အသက်ကိုရတာ။ မဟုတ်ရင် သေသွားမှာ။ သူတို့သတ်စရာမလိုဘူးလေ။ ဒီလောက် အေးလွန်းတဲ့ရာသီမှာ အဝတ်အစားမရှိဘဲ ချည်ထားခဲ့တော့ အအေးဒဏ်ကြောင့် သေသွားမှာဟုပြောသည်။

ယင်းသို့အကြမ်းဖက်လုယက်ခံရမှုကြောင့် ၇ သိန်းကျပ်တန် ဟွန်ဒါစက်တစ်လုံး၊ ဆီဗူးနှင့် တိုလီမုတ်စများ ဆုံးရှုံးသွားသည်ဟု ကာယကံရှင် ကိုရွှေမောင်သန်းက ပြောသည်။

 

သူတို့ကတော့ ရွာအနီးအနားက သူတွေတော့ မဖြစ်နိုင်ဘူး။ အဝေးကပဲဖြစ်နိုင်ပါတယ်။ ဘာလို့ဆို သူတို့စကားပြောသံတွေက ဒီနားက လူတွေမဟုတ်မှန်းသိသာတယ်။ ဒီနားကလူတွေက အဲလောက်ထိ မယုတ်မာကြဘူး။ ပြီးတော့ သူတို့စီးတဲ့လှေပုံစံကလည်း ကျနော်တို့ဆီမှာ မသုံးဘူးဟု ပြောသည်။

 

ယခုကိစ္စကို ကျေးရွာရှိ ရပ်မိရပ်ဖများနှင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA) နယ်မြေမှူးများထံ သတင်းပို့တိုင်ကြားထားသည်ဟုလည်း ဆိုသည်။

အကြမ်းဖက်ရိုက်နှက်လုယက်ခံလိုက်ရသည့် ကိုရွှေမောင်သန်းတွင် အမျိုးသမီးနှင့် သားလေးတစ်ဦးရှိပြီး မိသားစုကို ငါးရှာပြီး ကျွေးမွေးနေရသူတစ်ဦးဖြစ်သည်ဟု ရွာသားများက ပြောသည်။

 

ဓာတ်ပုံ - ရခိုင်တွင် ဟွန်ဒါစက်လှေဖြင့် ငါးဖမ်းနေသူတစ်ဦးအား တွေ့ရစဉ်။

ဆက်စပ် သတင်းများ