တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်းတွင် ညအချိန်ငါးရှာနေသည့် သားအဖ ၃ ဦးကို ဓားပြတိုက်၊ ရိုက်နှက်ပြီး ဖုန်းလုယက်မှုဖြစ်ပွားခဲ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ ဖေဖော်ဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 3k

နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂၄/ ၂၀၂၃

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့တွင် ညအချိန်ငါးရှာနေသည့် သားဖ ၃ ဦးကို ဓားပြတိုက်၊ ရိုက်နှက်ပြီး ဖုန်းလုယက်မှုဖြစ်ပွားခဲ့သည်ဟု သိရသည်။

ဓားပြတိုက်ခံရပြီး ဖုန်းလုယက်ခံရသူမှာ ပုဏ္ဏားကျွန်းမြို့၊ ရွာဟောင်းရပ်ကွက်မှ ဦးအေးထွန်းနှင့် သူ၏ သား ၂ ဦးတို့ဖြစ်သည်ဟု သိရသည်။

သူတို့ သားဖ ၃ ဦးသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၂ ရက်၊ ည ၉ နာရီကျော်ခန့်က ပုဏ္ဏားကျွန်းမြို့၊ ချောင်းဝအတွင်း၌ ငါးရှာ၍စက်လှေပေါ်၌ အိပ်ပျော်နေစဉ် ဓားပြတိုက်လုယက်သူ ၃ ဦးရောက်လာပြီး ပါလာသည့် ဖုန်များကိုတောင်းကာ ရိုက်နှက်၊ လုယက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ရွာဟောင်းရပ်ကွက်မှ သူတို့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

"ကိုအေးထွန်းပြောပြတာကတော့ ငါးဖမ်းပိုက်ချပြီးလို့ စက်လှေကမ်းကပ်ပြီး အိပ်နေတဲ့အချိန်မှာ ဓားပြတိုက်ပြီး ဖုန်းလုယက်တဲ့သူ ၃ယောက်က သူတို့စက်လှေပေါ်ကိုရောက်လာတာလို့ပြောတယ်။ ရောက်ရောက်ချင်းပဲ ဓားမကြီးတစ်လက်ပြပြီး ပါလာတဲ့ဖုန်းတွေကိုပေးဖို့တောင်းတယ်လို့ပြောတယ်။ Redmi အမျိုးအစား ဖုန်း ၂ လုံးတော့ ပါသွားတယ်ပြောတယ်" ဟု ပြောသည်။

ယင်းဓားပြတိုက်ဖုန်းလုယက်သူ ၃ ဦးအနက် ၂ ဦးမှာ မူဆလင်များဖြစ်ပြီး ကျန် ၁ ဦးမှာ ရခိုင်လူမျိုးဖြစ်ကာ သူတို့တွင် ဓားမကြီးတစ်လက်နှင့် တုတ်တစ်ချောင်းပါလာသည်ဟု ဆက်ပြောသည်။

"သူတို့က ဖုန်းရသွားပြီးရင်လည်း မပြန်ဘဲ ကိုအေးထွန်းကို ပါလာတဲ့တုတ်နဲ့ ရိုက်ကြတယ်။ ကျောမှာတုတ်ဒဏ်ရာတွေပါလာတယ်။ သူတို့ သားဖ ၃ ဦးရဲ့ မျက်နှာကို အဝတ်စနဲ့ပိတ်ဖို့လုပ်တဲ့အချိန်မှာ ကိုအေးထွန်းက အော်ဟစ်အကူညီတောင်းလို့ ဓားပြတိုက်တဲ့သူတွေက စက်လှေနဲ့ထွက်ပြေးသွားကြတယ်လို့ပြောတယ်" ဟု ပြောသည်။

ဓားပြ ၃ ဦးသည် ပုဏ္ဏားကျွန်း ဂူဝဘုရားဘက်သို့ စက်လှေဖြင့်ထွက်ပြေးသွားကြပြီး သူတို့တွင် ပါလာသည့် ဓားမကြီးတစ်လက်မှာ ကျန်နေခဲ့သည်ဟု ဆိုသည်။

 

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၄ ရက်၊ ည ၁ဝ နာရီခန့်ကလည်း ပေါက်တောမြို့နယ် ဖဒူကျွန်းနှင့် အင်္ဂရားချိုင်ကျွန်းကြား၌ ပင်လယ်ပြင်အတွင်းငါးဖမ်းနေသည့် ပေါက်တောမြို့၊ ကျောက်မောင်းရွာသားတစ်ဦးကို လူစိမ်း ၃ ဦးက အကြမ်းဖက်ကာ ဟွန်ဒါစက်အား လုယူသွားမှုဖြစ်ပွားခဲ့သေးသည်။

ယင်းအပြင် ဖေဖော်ဝါရီလ ၁၆ ရက်၊ ညဥ့် ၂ နာရီခန့်ကလည်း တောင်ကုတ်မြို့နယ်၊ နတ်မော်ကျေးရွာရှိ ဦးမောင်မြင့်နိုင်၏နေအိမ်အား အမည်မသိ လူအချို့က ဝင်ရောက်ကာ ရွှေ ၁ဝ ကျပ်ကျော်နှင့် နွားရောင်းထားသည့် ပိုက်ဆံများကို ဓားပြတိုက်ခဲ့ပြီး အိမ်ပိုင်ရှင်၏သမီးငယ်ကိုလည်း ဓားဖြင့်ထိုးခဲ့၍ အရေးပေါ်ဆေးရုံတင်ခဲ့ရသည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းဝေက နိရဥ္စရာကို အတည်ပြုပြောဆိုထားသည်။

စစ်တွေတွင်လည်း ဖေဖော်ဝါရီလ ၂၂ ရက်၊ ညက လူငယ်သမီးရည်းစားစုံတစ်တွဲထံမှ ဖုန်းလုကာ လူငယ်အမျိုးသားအား ဓားဖြင့် ထိုးမှုဖြစ်ပွားခဲ့သေးသည်။

ရခိုင်ရှိ မြို့နယ်အချို့တို့တွင် ညအချိန် ခိုးဆိုး၊ ဓားပြတိုက်၊ လူသတ်မှု၊ လုယက်မှုများ နေ့စဉ်ရက်ဆက်ဆိုသလို ဖြစ်ပေါ်လာနေ၍ ဒေသခံများမှာ အလွန်တရာ စိုးရိမ်နေကြရကာ အာဏာရှိသက်ဆိုင်ရာများအနေဖြင့်လည်း ထိရောက်စွာအရေးယူပေးကြရန် ဒေသခံများက လိုလားနေကြသည်။ (NN-12)

 

ဓာတ်ပုံ - ဓားပြများတွင် ကျန်နေခဲ့သည့် သက်သေခံ ဓားမကြီးအား တွေ့ရစဉ်။

ဆက်စပ် သတင်းများ