တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

စစ်တွေမြို့ ကမ်းနားလမ်း၌ ဆိုင်ကယ်မှောက်ရာမှ ဟိန္ဒူအမျိုးသားတစ်ဦးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ ဧပြီ ၂၀၂၁
  • | ကြည့်ရှုသူ: 5.7k

ဇွဲဓန(ကိန်းသာမြေ)

နိရဉ္စရာ ဧပြီလ ၉ / ၂၀၂၁

စစ်တွေမြို့ ကမ်းနားလမ်း၌ ယနေ့ ညနေ ၄ နာရီခွဲ အချိန်ခန့်တွင်  ဆိုင်ကယ်အရှိန်မထိန်းနိုင်၍ တိမ်းမှောက်မှုဖြစ်ပွားရာက ဆိုင်ကယ်မောင်းလာသူ ဟိန္ဒူအမျိုးသားလူငယ်တစ်ဦးသေဆုံးသွားပြီး သူနှင့်အတူ ဆိုင်ကယ်စီးလာသူ နောက်တစ်ဦးမှာ ဒဏ်ရာရရှိသွားသည်ဟု  သတင်းရရှိသည်။

သေဆုံးသွားသောသူမှာ စစ်တွေမြို့၊ ကျောင်းတက်လမ်းရပ်ကွက်နေ အသက်(၂၀)ကျော် အရွယ်ရှိ၍ ဟိန္ဒူလူငယ်တစ်ဦးဖြစ်ပြီး နာမည်စုံစမ်းနေကြောင်း၊ ဒဏ်ရာရရှိသွားသူမှာ  ၄င်းရပ်ကွက်မှ ကိုခင်မောင် ( ၂၀ နှစ်) ဖြစ်ကြောင်း ရွှေရောင်မေတ္တာဖောင်ဒေးရှင်းအသင်း အတွင်းရေးမှူး ကိုမင်းဒသက ပြောဆိုသည်။

ဆိုင်ကယ်မောင်းပေါ်မှာ လူငယ်နှစ်ဦးပါလာတယ်။ မောင်းတဲ့သူက ဆိုင်ကယ်ကို  အရှိန်အဟုန်မထိန်းနိုင်တော့ စစ်တွေ ကမ်းနားလမ်း လမ်းဘေးပလက်ဖောင်းကို ဝင်တိုက်တယ်။ တိုက်တဲ့ နေရာမှာဘဲ တစ်ဦးသေဆုံးတယ်။  ကျန်တစ်ဦးကို ဒဏ်ရာနဲ့  စစ်တွေ ဆေးရုံကြီးကို  ပို့ဆောင်လိုက်ရတယ်ဟု  ၎င်းက ပြောသည်။

သေဆုံးသွားသူလူငယ်မှာ ဦးခေါင်းကိုထိခိုက်သွားရာမှ ယင်းဒဏ်ရာဖြင့် သေဆုံးခြင်းဖြစ်ကြောင်း သိရသည်။

ကျွန်တော်တို့က အခင်းဖြစ်ပြီး အဲဒီနေရာကို ကျနော်တို့ ရောက်သွားတာနဲ့ လမ်းဘေးပလက် ဖောင်းနားမှာ သူတို့ကို တွေ့တယ်။ ဆိုင်ကယ်ကိုတော့ လမ်းသွားလမ်းလာသူတွေက  လမ်းမပေါ်ကို မတင်ထားတယ်။ သူတို့ စီးလာတဲ့ဆိုင်ကယ်က အရှိန်ပြင်းပြီး မထိန်းနိုင်ပဲ ပလက်ဖောင်းကို တိုက်သွားတယ်လို့ မြင်လိုက်တဲ့လူတွေက ပြောကြတယ်။ ဒဏ်ရာရသွားတဲ့လူက စိုးရိမ်ရတဲ့ အခြေနေတော့ အများကြီး မရှိပါဘူး။ ဦးခေါင်းကို နည်းနည်းထိသွားတယ်။ ပြီးတော့ လက်နှစ်ဖက်လုံး လက်တံတောင်ဆစ်တွေမှာထိသွားတယ်။ သေဆုံးသွားတဲ့သူမှာ ဒဏ်ရာက ဦးခေါင်းနဖူးကို ထိသွားတာပေါ့ဟု ပြောသည်။

အဆိုပါအခင်းဖြစ်စဉ်နှင့်ပတ်သတ်၍ စစ်တွေ အမှတ်(၁) ရဲစခန်းကို ဖုန်းဖြင့် ဆက်သွယ်ရာ ရဲဝန်ထမ်းတစ်ဦးက ၄င်းဆိုင်ကယ်တိမ်းမှောက်မှုကို  မသိရှိရသေးကြောင်း ဖြေကြားသည်။

၄င်းတို့နှစ်ဦးသည် စစ်တွေပွိုင့် ကမ်းခြေက အပြန်တွင် ဆိုင်ကယ်တမ်းမှောက်မှုဖြစ်ပွားရခြင်းဖြစ်သည်။

 

ဓာတ်ပုံ- ရွှေရောင်မေတ္တာဖောင်ဒေးရှင်းအသင်း facebook page

ဆက်စပ် သတင်းများ