တနင်္ဂနွေ၊ စက်တင်ဘာလ ၈ရက်၊ ၂၀၂၄

ရခိုင်တွင် သွေးလွန်တုတ်ကွေးအဖြစ်များလာ၍ စစ်ဘေးရှောင်များအတွက် ခြင်ထောင်များအရေးပေါ်လိုအပ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 2.2k

ကြိုင်ဟိန်းလင်း၊ နိရဉ္စရာ၊ ဇူလိုင် ၆ ရက် / ၂၀၂၄

ရခိုင်ပြည်အတွင်း မိုးရာသီတွင် ဖြစ်ပွားလေ့ရှိသည့် သွေးလွန်တုတ်ကွေး အဖြစ်များလာ၍ စစ်ဘေးရှောင်များအတွက် ခြင်ထောင်များ အရေးပေါ်လိုအပ်နေကြောင်းသတင်းရရှိသည်။ 

လက်ရှိ ကျောက်ဖြူမြို့နယ်ရှိ စစ်ဘေးရှောင်တစ်ထောင်ကျော်မှာ ခြင်ထောင်မရှိဘဲ အိပ်နေကြရသဖြင့် သွေးလွန်တုတ်ကွေးဖြစ်မည်ကို စိုးရိမ်နေရသည်ဟု စခန်းကော်မတီတစ်ဦးက ပြောသည်။

" ခြင်ကိုက်လို့ အနာဖြစ်နေတာတွေရှိတယ်။ ခြင်ထောင်မလုံလောက်ဘူးဆိုတာထက် မရှိတာလို့ ပြောရမယ်။ ခြင်ထောင် အလုံရေ တစ်ထောင်ကျော်လောက် ကျနော်တို့ အရေးတကြီးလိုအပ်နေတယ်။ ဒီ‌ရာသီက ခြင်သားဥပေါက်ရာသီဆိုတော့ သွေးလွန်တုပ်ကွေးတွေဖြစ်ပွားမှာကို ကျနော်တို့ စိုးရိမ်နေရတယ်" ဟု ပြောသည်။

သွေးလွန်တုပ်ကွေးများဖြစ်ပွားလာလျှင် ဆေးဝါးအခက်အခဲဖြစ်မည်ကို စိုးရိမ်သောကြောင့် အလှူရှင်များအနေဖြင့် ခြင်ထောင်လှူပေးကြရန် အရေးတကြီးလိုအပ်နေသည်ဟု စခန်းကော်မတီက တိုက်တွန်းပြောဆိုသည်။

ကျောက်ဖြူမြို့နယ်တွင် ကျောက်ဖြူမြို့အပါအဝင် တခြားဒေသရှိ စစ်ကောင်စီတပ်စခန်းချထားသည့် နေရာအနီးရှိ ကျေးရွာများမှ ထွက်ပြေးတိမ်ရှောင်လာကြသည့် စစ်ဘေးရှောင်ဦးရေ တစ်သောင်း တစ်ထောင်ကျော် ရှိကြောင်း သိရှိရသည်။

ထိုစစ်ဘေးရှောင်များမှာ နီးစပ်ရာမိသားစုအိမ်များတွင် နေထိုင်သူများနှင့်၊ မိမိတို့ကိုယ်တိုင် တဲအိမ်ဆောက်လုပ်ပြီး နေထိုင်သူများရှိသလို့ စစ်‌ဘေးရှောင်စခန်းများတွင်လည်း နေထိုင်သူများလည်း ရှိကြောင်း သိရှိရသည်။

လက်ရှိ ကျောက်ဖြူမြို့တွင် စစ်ဘေးရှောင်စခန်း ၈ ခုရှိပြီး စခန်းတစ်ခုစီတွင် လူဦးရေ ၁၀၀ မှ ၁၅၀ ဝန်းကျင်နီးပါးရှိကြောင်း သိရှိရသည်။

အလားတူ ပုဏ္ဏားကျွန်းမြို့ နယ် တောဖျားချောင်းဒေသတွင်လည်း သွေးလွန်တုတ်ကွေးနှင့် ငှက်ဖျားအဖြစ်များနေ၍ ခြင်ထောင်နှင့် ဆေးဝါးတချို့ အရေးပေါ်လိုအပ်နေကြောင်း Ponnagyun Youth Association က အကူအညီတောင်းခံထားသည်။

ရသေ့တောင်မြို့နယ်တွင်လည်း စစ်ဘေးရှောင်များ သွေးလွန်တုတ်ကွေး အဖြစ်များနေသည်ဟု သတင်း ရရှိသည်။

ထိုစစ်ဘေးရှောင်စခန်းများတွင် နေထိုင်သူများမှာ ခြင်ထောင်မရှိသည့်အတွက် ခြင်ကိုက်မှုဒဏ်ကို ခံစားနေကြရပြီး ထိုမှ တဆင့် သွေးလွန်တုတ်ကွေးဖြစ်ပွားမှု ရှိနေသည်ဟု သိရသည်။

ရခိုင်ပြည်တွင် စစ်ကောင်စီက ကုန်စည်စီးဆင်းမှုအားလုံးကို ဖြတ်တောက်ထားသည့်အတွက် ဆေးဝါးများလည်း ပြတ်တောက်နေသည်။ (ဓာတ်ပုံ- ပုံဟောင်းသာ)

 

ဆက်စပ် သတင်းများ