အင်္ဂါ၊ မေလ ၂၁ရက်၊ ၂၀၂၄

သံတွဲတွင် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် ရခိုင်ရိုးရာကျင်ပြိုင်ပွဲ၌ ကျင်သန်ဦးရေ ၁၂ဝ ခန့် ဝင်ရောက်ယှဉ်ပြိုင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ ဒီဇင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 10k

မင်းအဂ္ဂ
စစ်တွေ၊ ဒီဇင်ဘာ ၁၃ / ၂ဝ၂၁
ရခိုင်ပြည်နယ် သံတွဲမြို့တွင် ၄၇ နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ်အဖြစ် ရခိုင်ရိုးရာကျင်ပြိုင်ပွဲ၌ ကျင်သန်စုစုပေါင်း ၁၂ဝ ခန့်ဝင်ရောက်ယှဉ်ပြိုင်နေသည်ဟု သိရသည်။
သံတွဲမြို့တွင် ၄၇ နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ်အဖြစ် ရခိုင်ရိုးရာကျင်ပြိုင်ပွဲကို ယနေ့ ဒီဇင်ဘာလ ၁၃ ရက် နေ့လယ် ၁ နာရီအချိန်တွင် သံတွဲမြို့ ညောင်ပင်စျေးရပ်ကွက်ရှိ ရွှေဆံတော်ဘုရားခြေရင်း ရင်ပြင်တော်၌ စတင်ဖွင့်လှစ်ခဲ့ပြီဖြစ်သည်။
ယင်းကျင်ပြိုင်ပွဲတွင် သံတွဲခရိုင်မှ ကျင်သန်စုစုပေါင်း ၁၂ဝ ခန့်ဝင်ပြိုင်နေပြီး ရွှေမောင်းတန်းပြိုင်ပွဲအတွက် ၆ဝ ဦးနှင့် ငွေမောင်းတန်းပြိုင်ပွဲအတွက် ၆ဝ ဦးတို့က ဝင်ပြိုင်နေကြခြင်းဖြစ်သည်။
ရွှေမောင်းတန်းပထမဆုအတွက် ကျပ် ၄ သိန်း၊ ဒုတိယဆု ကျပ် ၃ သိန်း၊ ငွေမောင်းတန်းပထမဆုအတွက် ကျပ် ၃ သိန်းနှင့် ဒုတိယဆုအတွက် ကျပ် ၂ သိန်းချီးမြှင့်ပေးသွားမည်ဖြစ်သည်။
"ဆုကြေးငွေက ကျနော်တို့မှာ ရန်ပုံငွေ နည်းနည်း နည်းလို့ ရွှေမောင်းတန်းက ၄ သိန်း၊ ငွေမောင်းတန်းက ၃ သိန်းသတ်မှတ်ထားပါတယ်"ဟု သံတွဲမြို့ ရခိုင်ပြည်နယ်နေ့အခမ်းအနားကျင်းပရေးကော်မတီအတွင်းရေးမှူး ကိုသားကြီးမောင်က နိရဥ္စရာကိုပြောသည်။
အလားတူ ယနေ့တွင် ဖူဆယ်ဘောလုံးပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲတို့ကိုလည်း စတင်ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။
ဖူဆယ်ဘောလုံးပြိုင်ပွဲတွင်လည်း သံတွဲမြို့နယ်မှ အသင်း ၃ဝ ခန့်ဝင်ရောက်ယှဉ်ပြိုင်နေကြပြီး ပထမဆု ကျပ် ၃ သိန်းနှင့် ဒုတိယဆု ကျပ် ၂ သိန်းချီးမြှင့်သွားမည်ဟု သိရသည်။
ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် သံတွဲမြို့နယ်မှ အသင်း ၂၅ သင်းခန့်ဝင်ရောက်ယှဉ်ပြိုင်နေပြီး ပထမဆု ကျပ် ၂ သိန်းနှင့် ဒုတိယဆု ကျပ် ၁ သိန်းခွဲချီးမြှင့်ပေးသွားမည်ဖြစ်သည်။
သံတွဲတွင် ယမန်နေ့ကလည်း အခြေခံပညာအထက်တန်းအဆင့် ကျောင်းသူ၊ ကျောင်းသားများအတွက် စာစီစာကုံးပြိုင်ပွဲကိုလည်း ကျင်းပခဲ့သည်ဟု သိရသည်။
ယင်းပြိုင်ပွဲတွင် ကျောင်းသူ၊ ကျောင်းသား ၂၅ ဦးဝင်ပြိုင်ခဲ့ပြီး ပထမဆု ကျပ် ၁ သိန်းခွဲ၊ ဒုတိယဆု ကျပ် ၁ သိန်းနှင့် တတိယဆု ကျပ် ၇ သောင်းတို့ကို ချီးမြှင့်ပေးသွားမည်ဖြစ်သည်။
ပြိုင်ပွဲအားလုံးအတွက် ဆုအသီးသီးကို ဒီဇင်ဘာ ၁၅ ရက်တွင်ကျရောက်မည့် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ်အခမ်းအနားကျင်းပရာ ရွှေဆံတော်ဘုရားခြေရင်း ရင်ပြင်တော်တွင် ချီးမြှင့်ပေးသွားမည်ဟုလည်း သိရသည်။
သံတွဲတွင် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ်အဖြစ် ဒီဇင်ဘာ ၁၄ ရက်နှင့် ၁၅ ရက်ညတို့တွင်လည်း မြို့ခံတီးဝိုင်းဖြစ်သည့် The One Music Band ဖြင့် မြို့ခံအဆိုတော်များက အဆိုပါရင်ပြင်တော်တွင် ဖျော်ဖြေသွားကြမည်ဟုလည်း သိရသည်။
“ကျနော်တို့မှာ ကာလံဒေသံကိုကြည့်ပြီးတော့ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ရဲ့ရခိုင်ရိုးရာယဉ်ကျေးမှုတွေကို ထိထိမိမိဖော်ထုတ်နိုင်တဲ့၊ အခွင့်အရေးရရင် ရသလောက် ကျနော်တို့ဖော်ထုတ်ချင်တဲ့ဆန္ဒနဲ့ ကျင်းပရခြင်းဖြစ်ပါတယ်”ဟု ကိုသားကြီးမောင်က နိရဥ္စရာကိုပြောသည်။
သံတွဲမြို့တွင် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ်အခမ်းအနားကို သိမ်ကုန်းဆရာတော် ဘဒ္ဒန္တတေဇိန္ဒ၏ သြဝါဒဖြင့် ကျင်းပခြင်းဖြစ်သည်ဟုလည်း သိရသည်။
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ(မဆလ)ခေတ်က ရေးဆွဲခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရခိုင်တိုင်းကို ရခိုင်ပြည်နယ်အဖြစ်သတ်မှတ်ခဲ့သော ၁၉၇၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်ကို ရခိုင်ပြည်နယ်နေ့အဖြစ် သတ်မှတ်ထားခြင်းဖြစ်သည်။
ပထမအကြိမ်ရခိုင်ပြည်နယ်နေ့အခမ်းအနားကို ၁၉၇၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ မှစတင်ကာ စစ်တွေရှိ ခိုင်သဇင်ပန်းခြံတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ - ဇွဲထက်မာန် (သံတွဲ) / နိရ ဉ္စရာ

ဆက်စပ် သတင်းများ