အင်္ဂါ၊ မေလ ၂၁ရက်၊ ၂၀၂၄

မြောက်ဦးမြို့မှ နှစ်ပေါင်း ၃၀၀ကျော်ခန့်ရှိနေပြီဖြစ်သော ဘုရားပေါ် ဘုန်းတော်ကြီးကျောင်း ပြိုပျက်လုနီးပါးအနေအထားသို့ရောက်ရှိနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ ဒီဇင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 8.1k

ထက်အောင်
နိရဉ္စရာ၊ ဒီဇင်ဘာ ၁၄/ ၂၀၂၁
ရခိုင်ရှေးဟောင်းမြို့တော် မြောက်ဦးမြို့မှ နှစ်ပေါင်း ၃၀၀ ကျော် သက်တမ်း ရှိနေပြီဖြစ်သည့် ဘုရားပေါ်ဘုန်းတော်ကြီးကျောင်းတော်မှာ တစ်ဖြည်းဖြည်း ပျက်စီးယိုယွင်းလာရာမှ လက်ရှိတွင် ပြိုကျလုနီးပါး အနေအထားသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ကျောင်းထိုင်ဆရာတော် ဦးမဟိန္ဒ က နိရဉ္စရာ သတင်းဌာကို မိန့်ကြားသည်။
၎င်းကျောင်းတော်မှာ ရှေးဟောင်းသုတေသနဌာန၏ ထိန်းသိမ်း စောင့်ရှောက်မှု အောက်တွင် ရှိနေသဖြင့် ရှေးသုကအမြန် ပြုပြင်ပေးသင့်ကြောင်း ဆရာတော်က ထောက်ပြပြောဆိုသည်။
“ ဒီကျောင်းတော်က ရှေးသုက ထိန်းသိမ်းစောင့်ရှောက်နေတဲ့ ရခိုင်က ကျောင်းသုံးကျောင်း ထဲမှာပါတယ်လို့ သိရပါတယ်။ အခုက လုံး၀ ပြိုပျက်သွားတော့မယ့် အနေအထားကို ရောက်ရှိနေပါပြီ။ မြေကြီးမှာ ပြားပြားဝပ်တော့မယ်။ ဦးဇင်းတို့က ရှေးသုဌာန အောက်က ကျောင်းဆိုတော့ ဦးဇင်းတို့က ပြန်ပြုပြင်လို့ မရဘူး။ ရှေးသုကဘဲ ပြန်လည် ပြုပြင်ပေးဖို့ လိုအပ်နေပါတယ်” ဟု ဆရာတော်က ပြောသည်။
လက်ရှိတွင် ဘုရားပေါ် ဘုန်းတော်ကြီးကျောင်းမှာ လူများကျောင်းပေါ်သို့ တက်ရောက်၍ မရတော့သော အနေအထားသို့ ရောက်ရှိနေပြီး ကြမ်းခင်းများ၊ လှေကားများ ကျိုးပျက်နေသလို ခေါင်းမိုးမှာလည်း ပွင့်ထွက်နေကာ ပြတင်းများ၊ အောက်ခြေသစ်သားတိုင်များ၊ တံခါးများမှာလည်း ကျိုးကျ ပျက်စီးနေပြီဟု ဆိုသည်။
“အခုလည်း ဦးဇင်းတို့ ဒီကျောင်းတော်ကို တက်လာရတာ အလွန်ကြောက်ဖို့ ကောင်းပါတယ်။ အမိုးအကာတွေလည်း မလုံတော့ဘူး။ ခင်းထားတဲ့ ပျဉ်ချပ်တွေလည်း အကျိုးအပဲ့တွေနဲ့ ပျက်စီးယိုယွင်းနေပါပြီ။ မကြာခင် အချိန်အတောအတွင်းမှာ ဒီကျောင်းတော်ဟာ မြေအတိပဲ ကျန်ပါမယ်။ ရှေးဟောင်းအမွေအနှစ်၊ ရှေးဟောင်းလက်ရာဆိုတာကို တစ်စွန်းတစမျှ ကိုင်ပြဖို့နေရာ ရှိမှာမဟုတ်တော့ပါဘူး ” ဟု ဆရာတော်က မိန့်ဆိုသည်။
ရခိုင်ပြည်နယ်ရှိ နှစ်၁၀၀ ကျော်က တည်ဆောက်ထားသည့် ဘုန်းတော်ကြီး ကျောင်းများအား ပြန်လည် ပြုပြင်ပေးမည်ဟု သတင်းရရှိသဖြင့် လွန်ခဲ့သော ခြောက်နှစ်ကပင် ကျောင်းတော်အား ပြုပြင်မွန်းမံရန် ရခိုင်ပြည်နယ် လွှတ်တော်နှင့် ရှေးသုသို့ စာတင်ဟုဆိုသဖြင့် စာတင်ခဲ့သော်လည်း ယနေ့ ထိ တစ်စုံတစ်ရာ ထူးခြားမှု မရှိကြောင်း ဆရာတော်က ပြောဆိုသည်။
“ ဦးဇင်းတို့ကတော့ ဒီဘုန်းတော်ကြီးကျောင်းကို အသစ်ပြန်ဆောက်မှာကို မလိုလားဘူး။ ရှေးမူအတိုင်းဘဲ ပြန်ပြင်ပေးစေချင်တယ်။ ပြန်ပြင်ဖို့အတွက်က အခုဘယ်လိုဖြစ်နေလည်းဆိုတော့ ဦးဇင်းတို့က ဦးဆောင်ပြီးလုပ်လို့ မရဘူး။ တစ်ခါက ခေါင်မိုးသွပ်တွေ လေတိုက်ပြီး ကွာကျ သွားတာကိုတောင် ရှေးသု အသစ်မလှဲနဲ့ဆိုတော့ ဒီအတိုင်း အဲဒီသွပ်တွေကိုဘဲ ပြန်တင်ပြီး မိုးထားရတယ်။ ဘာမှ ကိုင်လုပ်လို့ မရဘူး” ဟု ပြောဆိုသည်။
ဘုရားပေါ် ဘုန်းတော်ကြီးကျောင်းကို လွန်ခဲ့သည့် နှစ်ပေါင်း (၉၉၉) ခုနှစ်တွင် သီရိသုဓမ္မရာဇာမင်းကြီးနှင့် မိဖုရားနတ်ရှင်မေတို့က ဆောက်လုပ် လှူဒါန်း ခဲ့သည်ဟု သက်တော်၊ ဝါတော်ကြီး ဆရာတော်များ၏ ကျမ်းပြုစု ရေးသားချက်များအရ သိရကြောင်း၊ သက်တမ်းအားဖြင့် နှစ်ပေါင်း (၃၈၀) ကျော်ကို ရောက်ရှိလာပြီဖြစ်ကြောင်း ဆရာတော်က မိန့်ကြားသည်။
ထိုကျောင်းတော်ကြီး၌ပင် ရှေးရခိုင်ဘုရင်များလက်ထက်၌ မင်းညီ၊ မင်းသားများကို ပညာတော်သင်ခဲ့သည့် ဒိသာပါမောက္ခကျောင်းဖြစ်ကြောင်း သမိုင်းနောက်ခံ အချက်အလက်များအရ သိရသည်ဟုလည်း ဆရာတော်က ဆိုသည်။
“ ဒီကျောင်းတော်ကို ဗိသုကာဆရာကြီးတွေနဲ့ ဆွေးနွေးတိုင်ပင်ပြီး သစ်တွေကိုရှာဖွေပြီးတော့ သမိုင်းဝင်ကျောင်းတစ်ကျောင်းဖြစ်အောင် ရှေးမူမပျက် ပြန်ဆောက်နိုင်မယ်ဆိုရင် ဦးဇင်တို့ အတွက်လည်း သမိုင်းလှမယ်။ အခုအခြေအနေက အနာဂတ်မှာ ဘုရာပေါ်ကျောင်းတော်ကြီး နှစ်ပေါင်း (၄၀၀) နီးပါး တည်ရှိခဲ့တယ်ဆိုတာပြဖို့ နေရာမရှိတော့ဘူး။ ဒါကြောင့် ဒီကျောင်းတော်ကို ပြန်ပြင်လိုက်ရင် ပြယုဒ်တစ်ခုအဖြစ် နှောင်းလူတွေကို လက်ဆုတ်လက်ကိုင်ပြလို့ရမယ်။ ဦးဇင်းတို့ကတော့ ကျောင်းတော်ကြီးကို ရှေးမူမပျက် ပြန်တည်ဆောက်ချင်တယ် ” ဟု ဦးမဟိန္ဒက မိန့်သည်။
အဆိုပါ ကျောင်တော်ကိစ္စနှင့် ပတ်သက်ပြီး မြောက်ဦးမြို့ ရှိ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မြောက်ဦးဌာနခွဲ) သို့ ဆက်သွယ်ရာ ညွှန်ကြားရေးမှူး ဦးကြည်ခင်က ကျောင်းတော်ကို ပြုပြင်ရန် စာရေးပြီး ရှေးသုဌာသို့ စာတင်စေလိုကြောင်း ပြောဆိုသည်။
“ခွင့်ပြုချက်လာတင်လိုက်ရင် ပိုကောင်းပါတယ်။ ဥပဒေနဲ့လည်း ညီသွားတာပေါ့။ အဲဒီလို ခွင့်ပြုချက်တင်လိုက်ရင် ကျနော်တို့ဌာနက ဘယ်လောက်ကုန်မယ် ဆိုတာ ကွင်းဆင်းပြီးတော့ ကြည့်ပေးမယ်။ လုပ်ချင်တဲ့ဟာလုပ်ပါ။ ဆရာတော်ကိုယ်တိုင်မဟုတ်ပဲ ကိုယ်စားလှယ် တစ်ယောက်သတင်းပေးပို့ရင် ကျနော်တို့က ကော်မတီဝင်တွေနဲ့ ဆင်းကြည့်ပေးပါ့မယ်” ပြောသည်။
မြောက်ဦးတွင် ရှေးရခိုင်ဘုရင်များလက်ထက် ကျောင်းကြီးပေါင်း (၃၀)နဲ့ ကျောင်းငယ်ပေါင်း (၃၇၀၀) ရှိရာ ဘုရားပေါ်ဘုန်းတော်ကြီးကျောင်းမှာ ကျောင်းကြီးပေါင်း ၃၀ အထဲတွင် တစ်ကျောင်း ပါဝင်သည် ဆရာတော်က မိန့်ကြားသည်။

ဆက်စပ် သတင်းများ