အင်္ဂါ၊ မေလ ၂၁ရက်၊ ၂၀၂၄

ခမီလူမျိုးတို့၏ ရိုးရာနှစ်သစ်ကူး(ဆနီ)ပွဲ ဘူးသီးတောင်တွင်ကျင်းပ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ ဒီဇင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 2.3k

မင်းအဂ္ဂ
စစ်တွေ၊ ဒီဇင်ဘာ ၁၈ / ၂ဝ၂၁
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တွင် ခမီလူမျိုးတို့၏ ရိုးရာနှစ်သစ်ကူး(ဆနီ)ပွဲတော်ကို ယနေ့နံနက်က ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါပွဲတော်ကို ယနေ့နံနက် ၇ နာရီခွဲမှ နံနက် ၁၁ နာရီအထိ ဘူးသီးတောင်မြို့ အမှတ်(၄)ရပ်ကွက်ရှိ ပရဟိတကျောင်းကွင်းတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ခမီလူမျိုးများအပါအဝင် ရခိုင်၊ မြို၊ ဆက္ကမ(ခေါ်) ဒိုင်းနက်စသည့် လူမျိုးစုစုပေါင်း ၆ဝဝ ခန့်တက်ရောက်ခဲ့သည်ဟု သိရသည်။
ခမီလူမျိုးတို့၏ အလွန်တရာကြီးကျယ်မြင့်မြတ်သောပွဲဖြစ်သောကြောင့် နှစ်စဉ်ကျင်းပနိုင်ခြင်းမရှိသည့်ပွဲဟုလည်း ပွဲကျင်းပရေးကော်မတီက ပြောသည်။
ပွဲသို့တက်ရောက်ခဲ့သည့် ခမီလူမျိုး ဦးရွှေဖော်စိန်က “ဒီပွဲကဆိုလို့ရှိရင် ရှေးအခါက ခမီလူမျိုးတွေမှာ တောင်မင်းဆိုတာရှိခဲ့တယ်။ အဲဒီတောင်မင်းတို့ရဲ့ ဒီခမီလူမျိုးတို့ကို ခေါင်းဆောင်တဲ့၊ အရင်ဆိုရင် နယ်ပိုင်လိုမျိုး အဲလိုပုဂ္ဂိုလ်တွေက တစ်နှစ်မှာမှ တစ်ကြိမ်ဖြစ်ဖြစ်၊ နှစ်ကြိမ်ဖြစ်ဖြစ်၊ သုံးနှစ် တစ်ကြိမ်ဖြစ်ဖြစ် အဲလိုရိုးရာပွဲပါ။ အထွဋ်တမြတ်ပွဲကိုကျင်းပတဲ့ပွဲဖြစ်ပါတယ်”ဟု နိရ ဉ္စရာကိုပြောသည်။
အဆိုပါပွဲတော်သည် “နေ”နှင့်“လ” ကို ပူဇော်သပရသော ပွဲတော်တစ်ခုဖြစ်ပြီး နေထွက်လာချိန်တွင် နေထွက်အက၊ လ ထွက်လာချိန်တွင် လထွက်အကတို့ဖြင့် ကပြရသည့် ရိုးရာနှစ်သစ်ကူး ပွဲတော်တစ်ခုဖြစ်သည်။
ရိုးရာအကပေါင်း ၄ မျိုးကိုလည်း ကပြဖျော်ဖြေခဲ့ကြပြီး တက်ရောက်လာသူများကို အကျွေးအမွေးဖြင့် ဧည့်ခံခဲ့သည်ဟု သိရသည်။
ခမီလူမျိုးများသည် ရခိုင်မျိုးနွယ်စုဝင်လူမျိုးတစ်မျိုးဖြစ်ပြီး တောင်ယာနှင့် ကိုင်း၊ ကျွန်းအလုပ်ကို အဓိကလုပ်ကိုင်ကြသည်ဟု သိရသည်။
ရခိုင်ပြည်နယ်အတွင်း စစ်တွေ၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ဘူးသီးတောင်၊ အမ်းမြို့နှင့် မောင်တောမြို့နယ်တို့တွင် လူဦးရေ ၁ သိန်းခန့် နေထိုင်ကြသည်ဟုလည်း သိရသည်။

ဆက်စပ် သတင်းများ