အင်္ဂါ၊ မေလ ၂၁ရက်၊ ၂၀၂၄

စစ်တွေတွင် ရခိုင်ရိုးရာရထားဆွဲပွဲကို ၅ နှစ်ဆက်တိုက် ကျင်းပနိုင်ခြင်းမရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ ဖေဖော်ဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 1.5k

သဥ္ဇာနွယ်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၉ / ၂၀၂၂
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ရခိုင်ရိုးရာရထားဆွဲပွဲကို ယခုနှစ်အပါအဝင် ၅ နှစ်ဆက်တိုက်ကျင်းပနိုင်ခြင်းမရှိဟု သိရသည်။
ယခုနှစ်တွင်လည်း ကိုဗစ်နှင့် ရန်ပုံငွေအခက်ခဲတို့ကြောင့် အဆိုပါပွဲကို မကျင်းပနိုင်တော့ဟု ပွဲဖြစ်မြောက်ရေးကော်မတီနာယက ဦးစံရွှေမောင်က နိရဥ္စရာကိုပြောသည်။
“ရထားဆွဲပွဲကို ကိုဗစ်ကြောင့်တစ်မျိုး။ ရန်ပုံငွေအခက်ခဲတွေကြောင့်တစ်မျိုး မကျင်းပဖြစ်ပါဘူး”ဟု ပြောသည်။
ကိုဗစ်ကပ်ရောဂါလည်း ပျောက်ကင်းမှုမရှိသေးသလို ပွဲကိုဦးဆောင်သူအချို့လည်း ကွယ်လွန်သွားကြသည့်အတွက် ယခုနှစ်တွင်ကျင်းပရန်အစီအစဉ်မရှိတော့ဟု ဆိုသည်။
စစ်တွေတွင် ရခိုင်ရိုးရာရထားဆွဲပွဲကို ၂ဝ၁၈ ခုနှစ်အတွင်း မြောက်ဦးတွင်ဖြစ်ပွားခဲ့သည့် မငြိမ်မသက်မှုကြောင့် မကျင်းပဖြစ်ခဲ့သလို နောက်ပိုင်းတွင် တိုက်ပွဲများနှင့် ကိုဗစ်ကပ်ဘေးတို့ကြောင့် ဆက်လက်မကျင်းပဖြစ်ခဲ့သည်မှာ ၅ နှစ်ဆက်တိုက်ရှိလာပြီဟု သိရသည်။
စစ်တွေ မကျည်းမြိုင်ရပ်ကွက်မှ ဒေါ်သန်းယိုင်စိန်က “နှစ်စဉ်ကျင်းပနေတဲ့ ရထားပွဲတော်ကို မကျင်းပနိုင်တော့ အရမ်းကြီးတော့ စိတ်မကောင်းမဖြစ်တော့ပါဘူး။ ဒါပေမယ့် ပျော်ပွဲရွှင်ပွဲကိုတော့ လူတိုင်းကြိုက်တာပဲလေ။ ဒီနှစ်မှာ ကျင်းပခွင့်ရမယ်ဆိုရင် အန်တီအနေနဲ့ အရမ်းဝမ်းမြောက်မိမှာပါ”ဟု ပြောသည်။
ရခိုင်ရိုးရာရထားဆွဲပွဲကို စစ်တွေတွင် ရပ်ကွက်ပေါင်းစုံမှ လူပေါင်း သောင်းနှင့်ချီ ပါဝင်ဆင်နွှဲတတ်ပြီး အလွန်တရာပျော်စရာကောင်းသည့်ပွဲတော်တစ်ခုဖြစ်သည်ဟု သိရသည်။
လှပသေသပ်စွာဆင်ယင်ထားသော ဘီးတပ်ထားသောရထားကို တစ်ဘက်တစ်ရပ်ကွက်စီ အားမာန်အပြည့်ဖြင့်ပါဝင်ဆင်နွှဲရပြီး သံချပ်ပြိုင်ပွဲများကိုလည်း ထည့်သွင်းကျင်းပတတ်သောပွဲတော်တစ်ခုလည်း ဖြစ်သည်။
ရခိုင်တွင် ရိုးရာရထားဆွဲပွဲကို စပါးဆန်ရေပေါများပြီး ဘေးဒုက္ခအပေါင်းမှ ကင်းဝေးစေသည်ဟုအယူအဆဖြင့် ဒုတိယမြောက်ဦးခေတ်မှစတင်ကာ နှစ်စဉ် တပို့တွဲလအတွင်းကျင်းပတတ်သည်ဟု သမိုင်းမှတ်တမ်းများအရ သိရသည်။
အဆိုပါရထားဆွဲပွဲသည် ရခိုင်တွင် နှစ်ပေါင်း ၄ဝ ကျော်ခန့်ပျောက်ကွယ်နေခဲ့ရာမှ ပြီးခဲ့သည့် ၂ဝဝ၉ ခုနှစ်မှစတင်ကာ စစ်တွေမြို့ မိဇံရပ်ကွက်က ပြန်လည်ဖော်ထုတ်ကျင်းပလာခဲ့ခြင်းဖြစ်ပြီး နှစ်စဉ် မြို့ပေါ်ရပ်ကွက်အလိုက် အလှည့်ကျကျင်းပတတ်ကြသည်ဟု သိရသည်။
အဆိုပါပွဲကို ယခုနောက်ပိုင်း မောင်တောမြို့တွင်လည်း ကျင်းပတတ်သော်လည်း စစ်တွေနှင့် မောင်တောနှစ်မြို့စလုံးတွင် ၂ဝ၁၉ ခုနှစ်မှစတင်ကာ ယခုအချိန်ထိ ကျင်းပနိုင်ခြင်းမရှိတော့ကြောင်း သိရသည်။
ဓာတ်ပုံ - ၂ဝ၁၆ ခုနှစ်က စစ်တွေတွင်ကျင်းပခဲ့သည့် ရခိုင်ရိုးရာရထားဆွဲပွဲမြင်ကွင်း။

ဆက်စပ် သတင်းများ