အင်္ဂါ၊ မေလ ၂၁ရက်၊ ၂၀၂၄

ရမ်းဗြဲ ရခိုင်ရိုးရာရမ္မာဝတီလှီပြိုင်ပွဲတွင် ရခိုင်တစ်ပြည်လုံးမှပါဝင်ယှဉ်ပြိုင်ရန်ဖိတ်ခေါ်ထား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ ဖေဖော်ဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 3.2k

ချစ်အိလှိုင်

နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂၅/ ၂ဝ၂၂

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့တွင်ကျင်းပမည့် ရမ္မာဝတီရခိုင်ရိုးရာလှီပြိုင်ပွဲတွင် ရခိုင်တစ်ပြည်လုံးမှ ပါဝင်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ထားကြောင်း သတင်းရရှိသည်။

အဆိုပါပြိုင်ပွဲကို လာမည့် မေလအတွင်းတွင် ရမ်းဗြဲမြို့ပေါ်ရှိ တန်းချောင်းထဲ၌ စည်ကားစွာ ကျင်းပမည်ဖြစ်ပြီး လက်ရှိတွင် ရခိုင်တစ်ဝှမ်းမှ စိတ်ပါဝင်စားသည့် ပြိုင်ပွဲဝင်အသင်းများကို ဖိတ်ခေါ်လျက်ရှိနေသည်ဟု သိရသည်။

ရမ်းဗြဲလှီပြိုင်ပွဲ ဖြစ်မြောက်ရေးကော်မတီမှ ကိုမျိုးမင်းထွန်းက ကျောက်နီမော်ရော၊ မာန်အောင်ကရော၊ စစ်တွေတွေကရောခေါ်ထားတယ်။ ရမ်းဗြဲနယ်ခံတွေကတော့ ကိုယ့်ရပ်ကွက်အလိုက်ထွက်မယ်ဟုပြောသည်။

အဆိုပါပြိုင်ပွဲတွင်ချီးမြှင့်မည့်ဆုကြေးကို မသတ်မှတ်ရသေးဘဲ လက်ရှိတွင် ရန်ပုံငွေရရှိရန် ကံစမ်းလက်မှတ်များကို စတင်ရောင်းချနေပြီဟုလည်း ဆိုသည်။

ကျွန်တော်တို့ ကံစမ်းမဲလက်မှတ်တွေလည်းရောင်းနေကြပြီ။ ကံစမ်းမဲမှာ ကားတစ်စီးပါမယ်ဟု သိရသည်။

အဆိုပါပြိုင်ပွဲတွင် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာရှိ လှိုင်းပုတ်သံပရဟိတအဖွဲ့မှ ရခိုင်လူငယ်များနှင့် မြောက်ပိုင်းပရဟိတအဖွဲ့မှ ကမန်လူငယ်များစုပေါင်း၍ အသင်းတစ်သင်းအနေဖြင့် ပါဝင်ယှဉ်ပြိုင်သွားမည်ဟုလည်း သိရသည်။

လှိုင်းပုတ်သံပရဟိတအဖွဲ့ဥက္ကဋ္ဌ ကိုမြသောင်းက ကျွန်တော်တို့က ကျောက်နီမော်ဒေသဖြစ်တဲ့ အတွက်ကြောင့် လူမူရေး၊ ဘာသာရေးမခွဲခြားဘဲ ကျောက်နီမော်ရမ်းဗြဲသားဆိုပြီးကိုယ်စားပြုပြီး ကမန်တိုင်းရင်းသားလူငယ်တွေပါပါနိုင်အောင် လုပ်နေကြတယ်ဟုပြောသည်။

အဆိုပါပြိုင်ပွဲကို နှစ်စဉ်မေလအတွင်းတွင်ကျင်းပပြီး ရခိုင်ပြည်နယ်တဝှမ်းလုံးမှ လူ ထောင်နှင့်ချီ၍ လာရောက်အားပေးတတ်သည့် အလွန်ထင်ရှားသည့် လှီ(လှေ)ပြိုင်ပွဲတစ်ခုဖြစ်သည်။

ယခင်နှစ်က အသင်း ၁၉ သင်းဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပထမဆု ကျပ် ၁ဝ သိန်း၊ ဒုတိယဆု ၇ သိန်းနှင့် တတိယဆု ကျပ် ၅ သိန်းချီးမြှင့်ပေးခဲ့သည်ဟု သိရသည်။

ဓာတ်ပုံ - ယခင်နှစ်က ပုံဟောင်း / Photo - facebook

ဆက်စပ် သတင်းများ