အင်္ဂါ၊ မေလ ၂၁ရက်၊ ၂၀၂၄

ရခိုင့်အကျိုးပြု၊ ရခိုင့်ဂုဏ်ဆောင်ပုဂ္ဂိုလ်များ၏ရုပ်တုများကိုထားရှိမည့် ဗိမာန်တစ်ခု မြောက်ဦးတွင် ပြုလုပ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ မတ် ၂၀၂၂
  • | ကြည့်ရှုသူ: 5.3k

သဥ္ဇာနွယ်
နိရဥ္စရာ၊ မတ် ၁ / ၂၀၂၂
ရခိုင်လူမျိုးနှင့်ရခိုင်ဒေသကိုအကျိုးပြုခဲ့သော ရခိုင့်ဂုဏ်ဆောင်ပုဂ္ဂိုလ်များ၏ရုပ်တုများကိုထားရှိမည့် ဗိမာန်တော်တစ်ခုကို ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် ပြုလုပ်လျက်ရှိကြောင်း သိရသည်။
“ရက္ခိတ ဂန္ထဝင်ဗိမာန်”အမည်ရှိ အဆိုပါဗိမာန်တော်ကို မြောက်ဦးမြို့၊ သျှစ်သောင်းဘုရားအနီးရှိ တဘက်ဆည်ဘုန်းတော်ကြီးကျောင်းကပိုင်ဆိုင်သည့် ၂ ဧကကျော်ရှိသော ဥယျာဉ်ခြံမြေတွင် ပြုလုပ်နေခြင်းဖြစ်သည်။
ရခိုင်လူမျိုးနှင့် ရခိုင်ဒေသကို အကျိုးပြုခဲ့သော နယ်ပယ်အသီးသီးမှ ရဟန်းတော်များ၊ စာပေပညာရှင်နှင့် လူပုဂ္ဂိုလ်များ၏ရုပ်တုများကို အနာဂတ်ရခိုင်လူငယ်များ လေးစားအတုယူနိုင်ရန် ပြုလုပ်နေခြင်းဖြစ်သည်ဟု ဗိမာန်တော်ဖြစ်မြောက်ရေးကော်မတီ၏ တွဲဘက်အတွင်းရေးမှူး စာရေးဆရာ ဦးအောင်ကြည်မိုး(သင်းပုန်းတန်း)က နိရဥ္စရာကိုပြောသည်။
“အဓိကတော့ ရခိုင်လူမျိးနဲ့ဒေသတွေကို အကျိုးပြုခဲ့တဲ့ လေးစားဖွယ်ကောင်းတဲ့ ပုဂ္ဂိုလ်တွေကို အနာဂတ်လူငယ်တွေမြင်ရင် လေးစားသင့်သူကိုလေးစားဖို့၊ စံနမူနာထားဖို့ ရှိသင့်ရှိထိုက်တယ်ထင်လို့ လုပ်ဖြစ်တာပါ”ဟု ပြောသည်။
အဆိုပါဗိမာန်တော်ဖြစ်မြောက်ရေးအတွက် ကြိုးပမ်းနေကြသည်မှာ တစ်နှစ်ကျော်ကြာမြင့်နေပြီဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ကြန့်ကြာနေရခြင်းဖြစ်သည်ဟု ဆိုသည်။
အဆိုပါဗိမာန်အတွင်း ရခိုင့်ဂုဏ်ဆောင်ပုဂ္ဂိုလ်များ၏ ၁၈ လက်မရှိ ကိုယ်တစ်ပိုင်းကြေးသွန်းရုပ်တုများကိုသာ ထားရှိသွားမည်ဖြစ်ပြီး ရုပ်တုအောက်တွင် ထိုရုပ်တု၏ အထ္ထုပ္ပတ္တိအကျဉ်းကိုပါ ဖော်ပြထားမည်ဟု သိရသည်။
ဗိမာန်ကို လာမည့် မေလအတွင်း စတင်ဖွင့်လှစ်နိုင်ရန် ကြိုးပမ်းနေကြသည်ဟုလည်း သိရသည်။
မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီဥက္ကဋ္ဌ ဒေါ်ခင်သန်းက “ဒီရုပ်တုတွေက နောင်လာနောင်သားတွေအတွက် သူတို့ ဘယ်လို ကောင်းခဲ့လဲ၊ ကောင်းတဲ့အရာတွေကို စံနမူနာယူလို့ရတဲ့အတွက် ဒီလိုမျိုး ဗိမာန်လုပ်ထားတာကောင်းပါတယ်” ဟုုပြောသည်။
လက်ရှိတွင် ပျံလွန်တော်မူသွားကြပြီဖြစ်သည့် စာပေပညာရှင်များဖြစ်ကြသော ဆရာတော်ဦးစက္ကိန္ဒနှင့် ဆရာတော်ဦးဝါသဝတို့၏ ကိုယ်တစ်ပိုင်းရုပ်တုများကို စတင်ထားရှိနိုင်ရန် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ စကျင်ကျေးရွာတွင် ပုံတူကျောက်ဆစ်ရုပ်တုများထုလုပ်ရန် ကျောက်ဆစ်ပန်းပုပညာရှင်များအား အလုပ်အပ်နှံထားပြီဟု သိရသည်။
ဗိမာန်တော်ဖြစ်မြောက်ရေးကော်မတီတွင်ပါဝင်သည့် ဦးခိုင်မြတ်ကျော် (ကျောက်တော်)က “ဒီဥယျာဉ်က သျှစ်သောင်းဘုရားနဲ့လည်း နီးတော့ ဘုရားဖူးဧည့်သည်တွေအနေနဲ့လည်း အလွယ်တကူ လာရောက်လည်ပတ်လေ့လာနိုင်တာပေါ့။ နောက်ပိုင်း အလှူငွေရတာတဲ့အပေါ်မူတည်ပြီးတော့ ပညာရှင်တွေရဲ့ ရုပ်တုတွေကို တဖြည်းဖြည်းထားရှိသွားမှာပါ”ဟု ပြောသည်။
ဗိမာန်တွင် ထားရှိမည့်ရုပ်တုများကိုမူ အဆောက်အအုံ အမိုးအကာဖြင့်ထားရှိမည်မဟုတ်ဟုလည်း ဆိုသည်။
ဓာတ်ပုံ - ရုပ်တုများထားရှိမည့် ဥယျာဉ်ခြံမြေအားတွေ့ရစဉ်။

ဆက်စပ် သတင်းများ