အင်္ဂါ၊ မေလ ၂၁ရက်၊ ၂၀၂၄

စစ်တွေတွင် ရခိုင်ရိုးရာသဲပုံစေတီပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ မတ် ၂၀၂၂
  • | ကြည့်ရှုသူ: 3.8k

သဥ္ဇာနွယ်
နိရဥ္စရာ၊ မတ် ၁၄ / ၂၀၂၂
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ရခိုင်ရိုးရာသဲပုံစေတီပွဲတော်ကို ယခုနှစ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
စစ်တွေမြို့၊ ပွိုင့်ကမ်းခြေတွင် မတ်လ ၁၆ ရက်နေ့တွင်ကျရောက်မည့် တပေါင်းလပြည့်နေ့၌ သျှစ်သောင်းမြောက်ပွဲ (ခေါ်) သဲပုံစေတီတော်ပွဲကို စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဟု သာကီမဏ္ဍိုင်ရခိုင့်ယဉ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇံမောင်က နိရဥ္စရာကို ပြောသည်။
"ဒီနှစ်မှာတော့ စည်တီးတဲ့အဖွဲ့တွေက ပထမဆုံးမြို့ပတ်ပြီးတော့ ကမ်းခြေသွားပြီး သဲပုံစေတီပွဲလုပ်ကြမယ်။ ဒီလိုရခိုင်မျိုးဆက်သစ် ပြည်သူပြည်သားတွေ လူငယ်တွေ ဒီလိုသမိုင်းဆိုင်ရာ သဲပုံစေတီပွဲ သျှစ်သောင်းမြောက်ပွဲကို မျိုးဆက်သစ်တွေ ဆက်လုပ်နိုင်အောင် အဲ့လိုရည်ရွယ်ချက်ကြောင့် လုပ်ဖြစ်တာပါ"ဟုပြောသည်။
သဲပုံစေတီပွဲတော်တွင် မြောက်ဦးရှိ ဘုရားပုထိုးစေတီများ၏ ပုံစံများ၊ ပုဏ္ဏားကျွန်းမြို့ရှိ ဂူဝပုံစံ၊ ပေါက်တောမြို့နယ်ရှိဆံတော်ရှင် စေတီပုံစံများကို သဲများဖြင့် ပုံဖော်ဖန်တီးကာ ပူဇော်လေ့ရှိကြပြီး လူပေါင်း ထောင်နှင့်ချီ လာရောက်လည်ပတ်တတ်သည့် ပွဲတော်တစ်ခုဖြစ်သည်။
အဆိုပါပွဲတော်ကို ရခိုင်ဘုရင်တို့အုပ်ချုပ်ခဲ့သည့် ဝေသာလီခေတ်မှ မြောက်ဦးခေတ်အထိ ကျင်းပခဲ့ပြီး သဲများဖြင့်ပုံဖော်ဖန်တီးပူဇော််ထားသည့် ဘုရားပုထိုးစေတီများသည် ဒီရေအတက်ဖြင့် ပြိုပျက်စီးသွားသည်ကို ကြည့်ခြင်းအားဖြင့် မမြဲသောတရားကို ရှုမြင်စေလိုသည့်ရည်ရွယ်ချက်ဖြင့် ကျင်းပတတ်ကြောင်း သမိုင်းမှတ်တမ်းများအရ သိရသည်။
ယင်းပွဲကို စစ်တွေကမ်းခြေတွင် နှစ်စဉ် စည်စည်ကားကားပြုလုပ်တတ်သော်လည်း ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်နှင့် ၂ဝ၂ဝ ပြည့်နှစ်တို့တွင် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲနှင့် ကိုဗစ်အခြေအနေတို့ကြောင့် စည်စည်ကားကားကျင်းပနိုင်ခြင်းမရှိခဲ့ဟု သိရသည်။
သဲပုံစေတီတော်ပွဲကို ရခိုင်ပြည်နယ်အတွင်း သံတွဲမြို့နယ်ရှိ ငပလီကမ်းခြေတွင် နှစ်စဉ်ကျင်းပလေ့ရှိသော်လည်း ယခုနှစ်တွင် ကျင်းပရန်အစီအစဉ်မရှိဟု ဒေသခံများက ပြောသည်။

ဆက်စပ် သတင်းများ