အင်္ဂါ၊ မေလ ၂၁ရက်၊ ၂၀၂၄

စစ်တွေကမ်းခြေတွင် ရခိုင်ရိုးရာသဲပုံစေတီပွဲတော် ကျင်းပနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ မတ် ၂၀၂၂
  • | ကြည့်ရှုသူ: 9.2k

ဇော်ဝင်းအောင်
စစ်တွေ၊ မတ် ၁၆ /၂ဝ၂၂
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ စစ်တွေကမ်းခြေတွင် ရခိုင်ရိုးရာသဲပုံစေတီပွဲ(ခေါ်)သျှစ်သောင်းမြှောက်ပွဲကို ယနေ့ နေ့လယ်မှစတင်ကာ စည်ကားသိုက်မြိုက်စွာကျင်းပနေသည်။
အဆိုပါပွဲဲကို စစ်တွေရှိ သာကီမဏ္ဍိုင်ရခိုင့်ယဉ်ကျေးမှုအဖွဲ့က ဦးဆောင်ကျင်းပခြင်းဖြစ်သည်။
ယင်းပွဲတွင် မြောက်ဦးရှိ ဘုရားပုထိုးစေတီများ၏ ပုံစံများနှင့် ဂူပုံစံများကို သဲများဖြင့် ပုံဖော်ဖန်တီးကာ ပူဇော်လျက်ရှိပြီး စိတ်ပါဝင်စားသူ ရာထောင်ချီ လာရောက်လည်ပတ်နေကြသည်ဟု သိရသည်။
အဆိုပါပွဲတော်ကို ရခိုင်ဘုရင်တို့အုပ်ချုပ်ခဲ့သည့် ဝေသာလီခေတ်မှ မြောက်ဦးခေတ်အထိ ကျင်းပခဲ့ပြီး သဲများဖြင့်ပုံဖော်ဖန်တီးပူဇော််ထားသည့် ဘုရားပုထိုးစေတီများသည် ဒီရေအတက်ဖြင့် ပြိုပျက်စီးသွားသည်ကို ကြည့်ခြင်းအားဖြင့် မမြဲသောတရားကို ရှုမြင်စေလိုသည့်ရည်ရွယ်ချက်ဖြင့် ကျင်းပတတ်ကြောင်း သမိုင်းမှတ်တမ်းများအရ သိရသည်။
ယင်းပွဲကို စစ်တွေကမ်းခြေအပြင် ရခိုင်ပြည်နယ်အတွင်း သံတွဲမြို့နယ်ရှိ ငပလီကမ်းခြေတွင်လည်း နှစ်စဉ်ကျင်းပတတ်သော်လည်း ယခုနှစ်တွင် ကိုဗစ်အခြေအနေကြောင့် ငပလီကမ်းခြေတွင်ကျင်းပရန်အစီအစဉ်မရှိဟု ဒေသခံများက ပြောသည်။
ဓာတ်ပုံ - ဇော်ဝင်းအောင် / နိရ ဉ္စရာ

ဆက်စပ် သတင်းများ