တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲ ပြုလုပ်ရန် မသေချာသေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ ဇူလိုင် ၂၀၂၀
  • | ကြည့်ရှုသူ: 1.2k

မာန်ယုကျော် (ရွှေဝမြေ)

နိရဥ္စရာ၊ ဇူလိုင် ၄ / ၂ဝ၂ဝ

တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသော ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲ ကျင်းပရန် အလားအလာမှာ သေချာမှု မရှိသေးဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)၏ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က ပြောသည်။  

“ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့  ဇွန်လ ၂၇ ရက်နေ့မှာ ရန်ကုန်မြို့ရှိ MELIA ဟိုတယ်မှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ ရခိုင်မှာ ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့ ယတိပြတ်အာမခံခြင်းမျိုးကိုပေးခဲ့တာမရှိဘူး။ ဒါကြောင့် ရခိုင်တွင် ရွေးကောက်ပွဲဖြစ်ဖို့က မသေချာတဲ့ သဘောဆောင်နေပါတယ်” ဟု ပြောကြားသည်။ 

 ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲ ပြုလုပ်ရန်မှာ လုံခြုံရေး အပေါ်မူတည်ပြီး ယင်းနှင့် ပတ်သက်ပြီး ပြည်ထဲရေးနှင့် ကာကွယ်ရေးဝန်ကြီးဌာန တို့မှ တစ်စုံတစ်ရာ ပြောဆိုခြင်း မရှိသေးဟု သူကဆိုသည်။ 

" ရွေးကောက်ပွဲကော်မရှင်ကတော့ သူတို့ကတော့ တစ်နိုင်ငံလုံးကို အကောင်းဆုံးဖြစ်အောင် ကျင်းပနိုင်ဖို့အတွက် သူတို့ကတော့ လုပ်မယ်ဆိုပြီးတော့ ပြောတယ်။ ဒါပေမယ့်လည်း နောက်ဆုံးမှာတော့ လုံခြုံရေးနဲ့ ပတ်သက် တာတွေကို ပြည်ထဲရေးနှင့် ကာကွယ်ရေးဝန်ကြီးဌာန သူတို့ မေးထားတယ်ဆိုတဲ့ဟာမျိုး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီနယ်မြေတွေရဲ့ အခြေအနေကို နယ်မြေလုံခြုံရေးဘက်က တာဝန်ရှိတဲ့ ဝန်ကြီးဌာတွေက ခွင့်ပြုမှသာ လုပ်လို့ရတာကိုး။ သူတို့ဘက်က လုပ်မယ်လို့ ပြောပေမယ့် ဟိုဘက်ကို မေးထားတယ် ဆိုတော့ မသေချာတဲ့ သဘောလို့ ပြောရမယ်"ဟု ရခိုင်ဒီမိုကရေစီအဖွဲ့(ALD)၏ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က သူ၏အမြင်ကို  နိရဥ္စရာသို့ သုံးသပ် ပြောဆိုသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်ကလည်း  ဇွန်လ ၂၇ ရက်နေ့က ရန်ကုန်မြို့ရှိ MELIA ဟိုတယ်တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေး ပါတီများတွေ့ဆုံပွဲအပြီးတွင်  ရခိုင်ပြည်နယ် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ပြည်ထဲရေးနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့ထံ မေးမြန်းထားသည်ဟု မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောဆိုခဲ့သည်။

ရခိုင်ပြည်နယ် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းကို  နိရဥ္စရာက မေးမြန်းရာ  "ပြည်နယ်အစိုးရအနေနဲ့တော့ ရွေးကောက်ပွဲဖြစ်ဖို့ ပြင်ဆင်ထားတယ်။ ပြည်နယ် အတိုင်းအတာ အနေနဲ့  ရွေးကောက်ပွဲဖြစ်ဖို့တော့ စာရင်းကောက်တာတို့၊ ဘာတို့ လုပ်ထားတယ်လေ။ အဆင်သင့်ဖြစ်အောင်လုပ်ထားတယ်။ တစ်ခုတော့ရှိတယ်။ လုံခြုံရေးပိုင်းဆိုင်ရာကျတော့ တို့လုပ်လို့ မရဘူး။ တပ်က လုပ်ပေးမှပဲရမှာ"ဟု ဗိုလ်မှူးကြီး မင်းသန်းက ပြောသည်။

လုံခြုံရေးကိစ္စကို တပ်မတော်နှင့်  ပြည်ထဲရေးကဘဲ ပြောနိုင်မည်ဟု ဇွန်လ ၂၈ ရက်နေ့က အင်တာဗျူးတွင် ၎င်းဆိုသည်။ 

 ရခိုင်တွင် စစ်ဘေးရှောင် နှစ်သိန်းနီးပါးအထိရှိနေပြီဖြစ်သည့် အတွက် သူတို့ မဲပေးခွင့်ရနိုင်ပါမလားဟု မေးမြန်းရာ “ ဒါကတော့ ပြောလို့ မရသေးဘူးပေါ့။ စောပါသေးတယ်။ နိုဝင်ဘာဆိုတော့လေ"ဟု ဗိုလ်မှူးကြီး မင်းသန်းက ပြောသည်။

ရခိုင်ပြည်နယ်မှ ကျောက်တော်၊ မင်းပြား၊ ရသေ့တောင်၊ မြောက်ဦး၊ မြေပုံ အပါအဝင် မြို့နယ် အများအပြား တွင် ၂ဝ၁၈ ခုနှစ်၊ နိုဝင်ဘာလမှ ယခုအချိန်ထိ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားလျက်ရှိနေသည်။ တိုက်ပွဲအကြား အရပ်သားပြည်သူများ သေဆုံး ဒဏ်ရာရမှုများ၊ သံသယဖြင့် ဖမ်းဆီးခံရမှုများ၊ ဖမ်းဆီးခံရပြီးနောက် ပျောက်ဆုံးနေမှုများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ တာဝန်မှ နုတ်ထွက်ထားမှုများစသည့်ဖြစ်စဉ်များကြောင့် ဒေသမတည်မငြိမ်မှုများနှင့် အုပ်ချုပ်ရေးယန္တရား ထိခိုက် ပျက်ပြားလျက်ရှိနေသည်။

 ရခိုင်တွင် တိုက်ပွဲများပြင်းထန်နေသည့်အတွက် ရွေးကောက်ပွဲမကျင်းပနိုင်ဆိုပါက ရခိုင်လူထု၏ရပိုင်ခွင့်များ ဆုံးရှုံးနစ်နာသွားမည်ဟု ရခိုင်အမျိုးသားပါတီ (ANP)ဥက္ကဋ္ဌ ဦးသာထွန်းလှက နိရဥ္စရာကိုပြောဆိုထားသည်။

လက်ရှိ အချိန်တွင် ရခိုင်အမျိုးသားပါတီသည် ကိုယ်စားလှယ်လောင်းများ၏ လျှောက်လွှာများကို စတင်ရောင်းချနေပြီး မြို့နယ်များမှ ကိုယ်စားလှယ်လောင်းများ၏ လျှောက်လွှာများကို ဇူလိုင်လ ၂၅ ရက်နေ့ကို နောက်ဆုံးထားပြီး တင်သွင်းရန် ညွှန်ကြားထားကြောင်း သိရသည်။ 

လာမည့် ၂ဝ၂ဝ ရွေးကောက်ပွဲကို ရခိုင်တွင် ကျင်းပနိုင်ခြေ ရှိ/မရှိ ပြည်သူများအကြား ဝေဖန်ပြောဆိုမှုများ ရှိနေပြီး အများစု ရခိုင်ပြည်သူများမှာ ရွေးကောက်ပွဲ အပေါ် စိတ်ဝင်စားမှု နည်းပါးနေကြောင်း လေ့လာသုံးသပ်ချက်များ အရ သိရသည်။

(Photo by Al Jazeera)


ဆက်စပ် သတင်းများ