တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ရခိုင်အမျိုးသားပါတီ ချင်းပြည်နယ်ပလက်ဝမြို့နယ်တွင် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ ဇူလိုင် ၂၀၂၀
  • | ကြည့်ရှုသူ: 4.8k

ခိုင်လူလှ (နိရဥ္စရာ)

နိရဥ္စရာ၊ ဇူလိုင်၆/၂ဝ၂ဝ

ရခိုင်အမျိုးသားပါတီသည် (ANP) သည် လာမည့် ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ် ၁၇ မြို့နယ်သာမက ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင်လည်း ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု သတင်းရရှိသည်။

ရခိုင်အမျိုးသားပါတီ၏ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဒေါ်အေးနုစိန်က “ကျမတို့က ရခိုင်တစ်ပြည်နယ်လုံး လွှတ်တော်သုံးရပ်အပြင် အပါအဝင် သင့်တော်မယ့် တခြားနေရာတွေ ဖြစ်ကြတဲ့ ချင်းပြည်နယ် ပလက်ဝ မြို့နယ်မှာပါ ပါဝင်ယှဉ်ပြိုင်မယ်လို့ ဆုံးဖြတ်ချက်တွေ ရှိပါတယ်” ဟု ပြောကြားသည်။ 

၎င်းပြင် ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ဧရာဝတီတိုင်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး နေရာတို့တွင်လည်း ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ဆိုသည်။ 

ရခိုင်အမျိုးသားပါတီသည် ၂ဝ၂ဝ ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ပြုလုပ်မည့် ရွေးကောက်ပွဲအတွက်  ပြင်ဆင်မှုများ ပြုလုပ်နေပြီဖြစ်ကြောင်း ပြောဆိုသည်။ 

“ ကျမတို့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ လွှတ်တော်ကိုယ်စားလှယ်လောင်း လျှောက်လွှာတွေကို ဇူလိုင်လ ၁ရက်နေ့က စပြီးတော့ စတင်ရောင်းချတဲ့ အစီစဉ်ကို လုပ်နေပြီ ဖြစ်ပါတယ်။ ဇူလိုင် ၂၅ ရက်နေ့မှာ မြို့နယ် အသီးသီးက လွှတ်တော်ကိုယ်စားလှယ် စိစစ် အဖွဲ့တွေက လျှောက်လွှာကို ဗဟိုကို အရောက်တင်ရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေလည်း ချထားပါပြီ။” 

ရခိုင်ပြည်နယ် ရွေးကောက်ပွဲ အခင်းအကျင်းနှင့် ပတ်သက်ပြီးလည်း ဒေါ်အေးနုစိန်က ယခုလို သုံးသပ် ပြောဆိုသည်။

“ ရွေးကောက်ပွဲကတော့ ကော်မရှင်က မြန်မာတစ်နိုင်ငံလုံး လုပ်မယ်။ ရခိုင်ပြည်နယ် အပါအဝင်ဆိုပြီးတော့ မဲဆန္ဒနယ်တွေကိုပါ ကြေငြာထားပြီးသား ဖြစ်နေတယ်။ ကျင်းပမယ့် ရက်ကိုလည်း ကြေငြာလိုက်ပြီ ဖြစ်ပါတယ်။ ဒါက တစ်ပိုင်း။ ကျမတို့ အခု ပကတိ ဖြစ်နေတဲ့ အနေအထားမှာတော့ ရွာတွေ၊ မြို့တွေရဲ့ လုံခြုံရေး ပျက်ပြား နေတဲ့ အခြေအနေ၊ နောက် ရွာတွေ မရှိတော့ဘူး။ မီးရှို့ခံရတယ်။ ရွာလုံးကျွတ် ထွက်ပြေးရတယ်။ အခုဆိုရင် ရသေ့တောင် မြို့နယ်ဆိုရင် တော်တော်လေး ဆိုးဆိုးရွားရွား ဖြစ်နေတဲ့ အနေအထားတွေ ရှိတယ်။ အဲဒီတော့ ဒီ လုံခြုံရေးတွေ ပျက်ပြားနေတဲ့ အနေအထားမှာ ရွေးကောက်ပွဲ ကျင်းပမယ့်နေ့ တိုင်အောင်ထိကို မဲရုံတွေရဲ့ အနေအထား၊ မဲရှင်ရုံ စောင့်မယ့်သူတွေ၊ မဲပေးမယ့် ဆန္ဒရှင်တွေ။ ဆိုတော့ အခု တိုက်ပွဲ ရှောင်တောင်မှ ၂ သိန်းကျော်ပြီးတော့ မြို့ပေါ်တွေကိုပဲ ခိုလှုံနေရတဲ့အချိန်မှာ လက်တွေ့အားဖြင့်တော့ ဒီအနေအထားတွေနဲ့ ဆိုရင် ကျမတို့မှာ အခက်အခဲ စိန်ခေါ်မှုတွေ အများကြီးရှိပါတယ်။ နောက်တစ်ခါ တစ်ကမ္ဘာလုံးနဲ့ ဆိုင်ပြီးတော့ ဒီမြန်မာနိုင်ငံနဲ့လည်း သက်ဆိုင်နေတဲ့ Covid-19 ကိစ္စက ဒီ ရွေးကောက်ပွဲဆိုင်ရာ၊ မဲဆွယ် စည်းရုံးရေး ဆိုင်ရာတွေအတွက် အဟန့်အတားတွေ ဖြစ်နေတယ်လို့ ပြောလို့ရပါတယ်” ဟု ပြောဆိုသည်။ 

၂ဝ၂ဝ ရွေးကောက်ပွဲတွင်လည်း  ANP ပါတီ အနိုင်ရရှိလိမ့်မည်ဟု မျှော်လင့်ထားကြောင်း ပြောဆိုသည်။ 

“ ကျမတို့ကတော့ ရခိုင်အမျိုးသားတွေအတွက် စည်းရုံးရေး၊ နိုင်ငံရေး အခင်းအကျင်း ရပ်တည်မှုတစ်ခုတော့ ခိုင်ခိုင်မာမာ ရှိနေဖို့ လိုတယ်။ ရခိုင်တွေ အသံထွက်နေဖို့ လိုတယ်။ နိုင်ငံရေး အားဖြင့်။ ဒါ့ကြောင့် ရခို်င်တွေရဲ့ နိုင်ငံရေး မြေပြင်၊ ရခိုင်တွေရဲ့ အမျိုးသားရေး ခံယူချက်တွေနဲ့ ယုံကြည်ကိုးစားပြီးတော့ ကျမတို့ ရခိုင် ဒေသမှာတော့ ရခိုင်ပါတီ အနိုင်ရမယ်လို့လည်း ယုံကြည်မျှော်လင့်မှုတော့ ရှိပါတယ်” ဟု ပြောဆိုသည်။ 


ဆက်စပ် သတင်းများ