တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာလွှတ်တော်ကိုယ်စားလှယ်နေရာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဒေါ်ထုမေ ဝင်ရောက်ယှဉ်ပြိုင်မည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ ဇူလိုင် ၂၀၂၀
  • | ကြည့်ရှုသူ: 9.6k

အိ်မ်စိုးဖြူ

နိရဥ္စရာ၊ ဇူလိုင် ၂ဝ/ ၂ဝ၂ဝ

လက်ရှိ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင် နှစ်ကြိမ်တိတိ အနိုင်ရရှိထားသော ရန်ကုန်တိုင်း ဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ လွှတ်တော်ကိုယ်စားလှယ်နေရာကို လာမည့်ရွေးကောက်ပွဲ၌ လက်ရှိ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေမှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ထုတ်ပြန် ကြေညာလိုက်သည်။

“မိမိအနေဖြင့်  ရခိုင်ပြည်သူအကျိုးကို ဆက်လက်သယ်ပိုးထမ်းဆောင်လိုသော နိုင်ငံရေး ခံယူချက် ရှိသောကြောင့်သော်လည်းကောင်း၊ နိုင်ငံရေး အဆက်မပြတ်ရအောင်လည်းကောင်း ရည်ရွယ်၍ သော်လည်းကောင်း လာမည့် ၂ဝ၂ဝ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း၊ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး (တသီးပုဂ္ဂလ) အဖြစ် ဝင်ရောက် အရွေးခံမည်ဟု ဆုံးဖြတ်လိုက်ပြီ ဖြစ်ကြောင်း ဇူလိုင်လ ၁၉ ရက်နေ့တွင် သူမ ဆိုရှယ်မီဒီယာ လူမှုကွန်ရက်စာမျက်နာက  ရေးသားဖော်ပြလိုက်သည်။

ငယ်ရွယ်ပြီး နုပျိုတက်ကြွသော ပညာတတ် အမျိုးသမီး တစ်ဦးဖြစ်သူ ဒေါ်ထုမေမှာ အမျိုးသားလွှတ်တော်တွင် သူမ၏ မဲဆန္ဒနယ်အပါအဝင် ရခိုင်ပြည်နယ်အတွက် မေးခွန်းပေါင်းများစွာကို အချက်ကျကျ မေးမြန်းပြီးနောက် လူသိများလာသော လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သည်။ 

ဒေါ်ထုမေသည် ယခင်က ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)၏ ပါတီဝင် တစ်ဦးဖြစ်ပြီး  ၂ဝ၁၄ ခုနှစ်က ဦးအေးသာအောင်ဦးဆောင်သည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)နှင့် ဒေါက်တာအေးမောင် ဦးဆောင်သည့် ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ (RNDP) ပူးပေါင်း ပြီး ရခိုင်အမျိုးသားပါတီ (ANP) အဖြစ် တည်ထောင်ကြသောအခါ ၎င်းပါတီ၏ ပါတီဝင် တစ်ဦးဖြစ်လာခဲ့သည်။ 

၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ရခိုင်အမျိုးသားပါတီ (ANP) ၏ လွှတ်တော်ကိုယ်စားလှယ်အဖြစ်ဖြင့် ရမ်းဗြဲမြို့နယ်နှင့် အမ်းမြို့နယ် ကိုယ်စားပြုပြီး အမျိုးသားလွှတ်တော်က ဝင်ရောက်ယှဉ်ပြိုင်ရာ အနိုင်ရရှိခဲ့သည်။ 

၎င်းနောက် ရခိုင်အမျိုးသားပါတီ (ANP)မှ ပါတီပေါင်းစည်းစဉ်က ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ ပါလာသည့် ခေါင်းဆောင် ၆ ဦးကို ထုတ်ပယ်လိုက်ပြီးနောက် ဒေါ်ထုမေမှာ ထုတ်ပယ်ခံရသည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်များနှင့် အတူ ရပ်တည်ခဲ့သည်။ 

ဒေါ်ထုမေက “၂ဝ၁၆ ခုနစ် ANP နှင့် ALD ပါတီတို့ သီးသန့်စီရပ်တည်ကြသောအခါ ကျမမှာ ANP ပါတီမှ ထွက်စာတင်ခဲ့ပြီး မိမိ၏ မိခင်ပါတီ ALD ဘက်မှ ရပ်တည်ခဲ့ပါကြောင်း၊ သို့ရာတွင် ကျမမှာ ANP ပါတီမှ ထွက်ခွင့်မရရှိခဲ့ပါကြောင်း၊ ဤသို့ အကျပ်အတည်းများကြောင့် မိမိမှာ မည်သည့် ပါတီကိုယ်စားလှယ်အဖြစ်ဖြင့် ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရှိတော့သည်ကို မိဘပြည်သူများ သိရှိပြီးဖြစ်မည်ဟုထင်ပါကြောင်း၊ သို့အတွက် ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာလွှတ်တော်ကိုယ်စားလှယ်နေရာကို တစ်သီးပုဂ္ဂလ ဝင်ရောက် ယှဉ်ပြိုင်ရန် ဆုံးဖြတ်လိုက်ရခြင်း ဖြစ်ပါကြောင်း”  ရေးသားဖော်ပြထားသည်။

သူမ၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် သူမမှာ  ရခိုင်ပြည်နယ်နှင့် ရခိုင်ပြည်သူများအကျိုးအတွက် ၅ နှစ်တာ ကာလအတွင်း ကိုယ်စွမ်း ၊ဥာဏ်စွမ်းရှိသလောက် အလုပ်အကျွေးပြုခဲ့ကြောင်း ဆက်လက်၍ ရခိုင်ပြည်သူ အကျိုးကို ဆက်လက်သယ်ပိုးထမ်းဆောင်လိုသဖြင့် ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားရေးရာ လွှတ်တော် ကိုယ်စားလှယ်နေရာကို ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်ဟု ဆိုသည်။

လက်ရှိအချိန်ထိ ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဖြစ်နေသူ ဦးဇော်အေးမောင်မှာ နောက်လာမည့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် မီဒီယာများသို့ ပြောဆိုထားပြီး အကယ်၍ ရခိုင်အမျိုးသားပါတီမှ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် ပြန်လည်ရွေးချယ်ခံရပါက လာမည့် ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ လွှတ်တော်ကိုယ်စားလှယ်နေရာယှဉ်ပြိုင်ရေးမှာ အကြိတ်အနယ် ဖြစ်လာနိုင်ပြီး ယှဉ်ပြိုင်မှု ပြင်းထန်လာနိုင်သည်ဟု လေ့လာသုံးသပ်သူများက ပြောဆိုသည်။  

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က “တနည်းအားဖြင့်ပြောရင် ဒေါ်ထုမေဟာ အမျိုးသား လွှတ်တော်ကနေ ကိုယ့်ပြည်၊ ကိုယ့်ရွာအတွက် တကယ့်ကို အကျိုးဆောင်ပေးနိုင်တယ်။ နိုင်ငံရေးအရလည်း အင်မတန်ရှေ့မှာ အလားအလာကောင်းတဲ့ အမျိုးသမီးဖြစ်တယ်။ သို့သော်သူတို့က ဒေါ်ထုမေဒီဘက်ကို ပေါင်းသွားရင် အင်အားကြီးသွားမှာစိုးလို့ နိုင်ငံရေးအရ ညစ်လုံးတွေနဲ့လုပ်တာဖြစ်တယ်။ လွှတ်တော်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်ကမေးတဲ့အခါ လူတစ်ဦးဟာ ပါတီ ၂ ပါတီဝင်ခွင့်မရှိဆိုတော့တာကြောင့် သူမဟာ ရန်ကုန်တိုင်းက တသီးပုဂ္ဂလ ဝင်ပြိုင်ဖို့ဆိုပြီးဖြစ်လာတာ။ ဒီဖက်မှာ မိခင်အဖွဲ့အစည်းကတော့ အချိန်မရွေးသူ့တွက်နေရာရှိတယ်” ဟုပြောသည်။

ဇူလိုင်လ ၁၃ ရက်နေ့က ပြည်သူ့လွှတ်တော်(၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေးပထမနေ့တွင် ကျောက်ဖြူမြို့နယ် မဲဆန္ဒနယ်မှ ဦးဘရှိန်က နိုင်ငံရေးပါတီတစ်ခုခုကို ကိုယ်စားပြုသည့် ပါတီဝင်တစ်ဦးသည် သက်ဆိုင်ရာပါတီ၏ စည်မျဉ်းများနှင့်အညီပါတီဝင်ဖြစ်ခြင်း၊ နုတ်ထွက်ခြင်း၊ ထုတ်ပယ်ခြင်း၊ ပါတီဝင်အဖြစ်မှ ရပ်စဲခြင်းတို့ကို လိုက်နာရသည်ကိုသိရှိပါသလား၊ ပါတီတစ်ခုကို ကိုယ်စားပြုသည့် ပါတီဝင် တစ်ဦးသည် အခြားပါတီဝင်အဖြစ်ဖြင့်ကိုယ်စားပြုပြီး ရွေးကောက်ပွဲများ၌ ဝင်ရောက်ယှဉ်ပြိုင်လျှင် နိုင်ငံရေးပါတီများ၊ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၂၁ ပါ ပြဋ္ဌာန်းချက်နှင့်အညီ ဆန့်ကျင်သည် မဟုတ်ပါလားဆိုသည့်မေးခွန်းကို မေးမြန်းခဲ့သည်။

၎င်းမေးခွန်းအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသက်ထွန်းက ပါတီတစ်ခုမှ နုတ်ထွက်ခွင့် မရသောပုဂ္ဂိုလ်တစ်ဦးသည် အခြားနိုင်ငံရေးပါတီတစ်ခုကို ကိုယ်စားပြု၍ ဝင်ရောက်ယှဉ်ပြိုင်ပါက မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၂၁ နှင့်ငြိစွန်းကြောင်း ၊ သို့ရာတွင် တစ်သီးပုဂ္ဂလ အဖြစ်ဝင်ရောက်ယှဉ်ပြိုင်ပါက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၂၁ ပါ ပြဋ္ဌာန်းချက်နှင့် ဆန့်ကျင်သည်ဟု မဆိုနိုင်ကြောင်း ဖြေကြားသွားသည်။

ရခိုင်အမျိုးသားပါတီမှ လွှတ်တော်ကိုယ်စားလှယ်အချို့မှာလည်း ပါတီမှ နုတ်ထွက်ထားသော်လည်း နုတ်ထွက်ခွင့်မရသဖြင့် တစ်သီးပုဂ္ဂလ ဝင်ရောက်ယှဉ်ပြိုင်လာနိုင်ဖွယ် ရှိနေကြောင်း သိရှိရသည်။ 


ဆက်စပ် သတင်းများ