တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ရခိုင်စစ်ကောင်စီဝန်ကြီးများ စစ်တွေတွင် ဆရာတော်ကြီးများထံ လှူဖွယ်ဝတ္ထုများ လာရောက်ဆက်ကပ်


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၁၈ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 4.1k

ရခိုင်ပြည်နယ် စစ်ကောင်စီအဖွဲ့ဝင် ဝန်ကြီးအဖွဲ့ သည် ယနေ့ နိုဝင်ဘာ ၁၇ ရက်နေ့တွင် စစ်တွေမြို့မှ ဆရာတော်ကြီးများထံ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းမှုပြုခဲ့သည်ဟု ရခိုင်ပြည်နယ် စစ်ကောင်စီ၏ သတင်းများကို ဖော်ပြနေသော ‘သိကြားစေချင် ​ငွေသဇင်’ လူမှုကွန်ယက် စာမျက်နာတွင် ဖော်ပြသည်။

ရခိုင်မှ ဝန်ကြီးများ စစ်တွေမြို့မှ နေပြည်တော်သို့ ထွက်ပြေးသွားပြီဖြစ်ကြောင်း သတင်း ထွက်ပေါ်နေပြီးနောက် စစ်ကောင်စီ အဖွဲ့ဝင်များကို စစ်တွေတွင် ရှိနေကြောင်း လူစုံတက်စုံဖြင့် ဓာတ်ပုံများနှင့် တကွ သတင်းဖော်ပြလာခြင်းဖြစ်သည်။

စစ်တွေဒေသခံတစ်ဦးက “ ရခိုင်က ဝန်ကြီးတွေ အေအေဖမ်းဆီးမှာကို ကြောက်လို့ အကုန် ထွက်ပြေးသွားတယ်ဆိုတဲ့ သတင်း မဟုတ်ဘူးဆိုတာ ပြသချင်တဲ့ အတွက် အခုလို ​ဓာတ်ပုံတွေနဲ့ အတူ သတင်းထုတ်ပြန်တာထင်ပါတယ်”ဟု ပြောသည်။


ဆရာတော်ကြီးများထံ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းရာတွင် ရခိုင်ပြည်နယ်စစ်ကောင်စီအဖွဲ့၏ ဝန်ကြီးများဖြစ်ကြသည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ဦးစံရွှေမောင် (စီးပွားရေးရာဝန်ကြီး)၊ ဦးသန်းထွန်း (သယံဇာတရေးရာဝန်ကြီး) နှင့် ဦးလှသိန်း (ဥပဒေချုပ်) စသူတို့ ပါဝင်သည်။

၎င်းဝန်ကြီးအဖွဲ့သည် စစ်တွေမြို့မှ ဆရာတော်ကြီးများဖြစ်ကြသည့်  နန္နာရာမ၊ တောင်​​ချေ၊ ပညာလင်္ကာရ၊ ​ရွှေစေတီကျောင်းများသို့ နိုဝင်ဘာ ၁၇  မွန်းလွဲ (၁:၃၀)အချိန်ခန့်က လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့သည်ဟု သိရသည်။ 

၎င်းပြင်တိုက်ပွဲဖြစ်ပွားရာ ဒေသတချို့တွင် လယ်သမားများ စပါးရိတ်သိမ်းရန် အခက်အခဲများနှင့် ကြုံတွေ့နေရချိန်တွင် “ စပါးများ​ရွှေရောင်အသားဝင်းမှည့်နေတော့ အားရစရာဖြစ်ကြောင်း၊  အထွက်တိုးမျိုးတွေ လယ်သမားတွေကို အခမဲ့ပေးစိုက်တာ ရာသီဥတုကောင်းလို့ တစ်ဧက တင်းတစ်ရာ( ရခိုင်လို နှစ်ရာငါးဆယ်တောင်း)အထက် ထွက်နေကြောင်း၊ အစိုးရအဖွဲ့က အချိန်မီ ရိတ်သိမ်းနိုင်​ရေး ကောက်ရိတ်စက်တွေ စီစဉ်နေကြောင်း၊  အခြေအနေပေးရင် တောင်သူများကောက်ရိတ်သိမ်းနိုင်ဖို့ ကြိုးစားနေပါကြောင်း” စသဖြင့် ရခိုင်လယ်သမားများကို ပျက်ရယ်ပြု သရော်ထားသည့် ရေးသားမှုကိုလည်း ၎င်းသတင်းနှင့်အတူ ပို့စ်တွင် ဖော်ပြထားသည်။  (NN-30)

ဆက်စပ် သတင်းများ