တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

လမ်းခရီးပိတ်ဆို့ခံထားရသည့် တောင်ကုတ်တွင် ဆေးဝါးနှင့် အခြေခံစားသောက်ကုန်များပြတ်တောက်လာနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.2k

နှင်းနွယ်နီ

နိရဉ္စရာ၊ ဧပြီ ၂/၂၀၂၃

ရခိုင်ပြည်၊ တောင်ကုတ်မြို့တွင် စစ်ကောင်စီက လမ်းခရီးပိတ်ဆို့ထားမှုကြောင့် ဆေးဝါးနှင့် အခြေခံစားသောက်ကုန်များပြတ်တောက်လာနေကြောင်းသိရသည်။

စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းအားလုံးကို ပိတ်ဆို့ခံထားရသည့် အဆိုပါ တောင်ကုတ်မြို့ဆေးရုံကြီးတွင် ဆေးဝါးများမရှိဖြစ်လာနေပြီး ဆေးဆိုင်များတွင်လည်း ဆေးဝါးများပြတ်တောက်လာကြောင်း၊ အခြေခံစားသောက်ကုန်ပစ္စည်းများမှာလည်း ပြတ်တောက်လာနေသဖြင့်  အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း ဒေသခံများက နိရဉ္စရာအားပြောသည်။

တောင်ကုတ်မြို့မှ လူမှုရေးလှုပ်ရှားသူ တစ်ဦးက " ဆေးရုံကြီးမှာ ထိုးဆေး၊ သောက်ဆေးတွေတောင်မရှိတော့ဘူး။ အရေးကြီးတဲ့ လူနာတွေကိုတော့ ပြည်တို့ ရန်ကုန်တို့ကို အရေးပေါ်လူနာတင်ကားနဲ့ ထွေအုပ်က ခွင့်ပြုချက်တွေတောင်းပြီး ပို့ပေးနေရတယ်။ " ဟုပြောသည်။

စစ်ကောင်စီက ၎င်းတို့၏ ရိက္ခာတင်သင်္ဘောများမှအပ စစ်တွေ- တောင်ကုတ်- ရန်ကုန် ကားလမ်းနှင့် ရခိုင်တပြည်လုံးတွင် ရေကြောင်းလမ်းအားလုံးကို လွန်ခဲ့သည့် ၂ဝ၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ နောက်ပိုင်းမှစ၍ ပိတ်ဆို့ထားခြင်းဖြစ်ကြောင်းသိရသည်။

လက်ရှိ တောင်ကုတ်မြို့တွင် ပေါ်ဆန်းမွေးဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ၁၀၀,၀၀၀ ကျပ် မှ ၁၁၀,၀၀၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာလျှင် ၁၀,၀၀၀ မှ ၁၃,၀၀၀ ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာလျှင် ၃၅,၀၀၀ ကျပ်မှ ၄၀,၀၀၀ ကျပ်၊ ငရုတ်သီးခြောက် တစ်ပိဿာလျှင် ၂၅,၀၀၀ ကျပ် မှ ၃၀,၀၀၀ ကျပ်တို့ဖြင့် ဝယ်ယူစားသောက်နေကြရကြောင်း ဒေသခံများကပြောသည်။

 ၎င်းအပြင် ရွှေမင်းသား ဆပ်ပြာကြမ်း တစ်ချောင်းလျှင် ၂,၈၀၀ ကျပ် ဝန်းကျင်၊ ‌ရွှေဝါ ဆပ်ပြာ တစ်ချောင်းလျှင် ၂,၃၀၀ ဝန်းကျင်၊ ငရုတ်ကောင်း တစ်ပိဿာလျှင် ၂၇,၀၀၀ ကျပ် ဝန်းကျင်၊ ဟင်းချိုမှုန့် တစ်အိတ်လျှင် ၂၂၀,၀၀၀ ကျပ် ဝန်းကျင်၊ Premier ကော်ဖီ တစ်ထုပ်( အထုပ်သေး ၃၀ပါ) လျှင် ၁၂,၅၀၀ ကျပ်၊ Sunday ကော်ဖီ/လက်ဖက်ရည် တစ်ထုပ်( အထုပ်သေး ၃၀ ပါ) လျှင် ၁၃,၅၀၀ ကျပ်၊  ဆီသန့် တစ်လီတာလျှင် ၉,၅၀၀ ကျပ်၊ စိတ်ချ(တားဆေး) တစ်ကဒ်လျှင် ၄,၀၀၀၊ ပျိုမေ(အမျိုးသမီး လစဉ်သုံး) တစ်ထုပ်လျှင် ၄,၀၀၀ ကျပ် အထိ အသီးသီး ဈေးနှုန်းရှိနေကြောင်း သိရသည်။

တောင်ကုတ်မြို့မှ ကုန်သည်အမျိုးသမီးတစ်ဦးက "“တောင်ကုတ်ကိုရောက်ဖို့ ဂိတ် ၅ ဂိတ်ဖြတ်ရတယ်။ သူတို့ကိုလည်း ပိုက်ဆံပေးရတယ်။ အရင်းအနှီးက နည်းတော့ မကိုက်ဘူး။ ဒါ့ကြောင့် ဆိုင်မှာ ကုန်တောင် မကျန်တော့ဘူး” ဟု ပြောသည်။

တောင်ကုတ်မြို့နယ်မှာ ယခင်က ကုန်လမ်း၊ ရေလမ်း သွားလာရအဆင်ပြေနေသည့် ဒေသတစ်ခုဖြစ်သော်လည်း လက်ရှိတွင် စစ်ကောင်စီက တောင်ကုတ်မြို့နယ်ကို ပစ်မှတ်ထားကာ စားနပ်ရိက္ခာများပြတ်တောက်အောင် ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်လာနေကြောင်း တောင်ကုတ်မြို့ဒေသခံများက ဆိုသည်။

လက်ရှိတွင် ဆေးဝါး၊ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများမှာ အလွယ်တကူ ဝယ်ယူ၍ မရရှိသဖြင့် အခြေခံလက်လုပ်လက်စားများအနေဖြင့် အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း တောင်ကုတ်မြို့မှ အိမ်ရှင်မတစ်ဦးကလည်း ပြောသည်။

“ပစ္စည်းက ရောက်လာရင် လိုင်းပေါ်တင်ရောင်းကြတယ်။ ဘယ်ဈေး ဘယ်လောက်နဲ့ရမယ်ဆိုပြီးတော့ပေါ့။ အကုန်မြန်တယ်။ အဲလိုမျိုးပေါ့။ ဒီတော့ ဝယ်နိုင်တဲ့သူတွေက ဝယ်ကြတယ်။ မရှိဆင်းရဲသား၊ လက်လုပ်လက်စားတွေမှာတော့ အဲလို ဈေးအတန်ဆုံးဆိုတာတွေတောင် မဝယ်နိုင်ဘူး။ ဆိုင်တွေက ကြက်သွန်နီ တစ်ရာဖိုး တစ်လုံး။ ဒီလိုပဲ ဝယ်နိုင်တယ်” ဟုပြောသည်။

ရခိုင်တွင်  ရက္ခိုင့်တပ်တော်(AA) နှင့် အကြမ်းဖက်စစ်တပ်တို့ကြား တိုက်ပွဲများ ပိုမိုပြင်းထန်လာနေပြီး ရခိုင်မြောက်ပိုင်းတစ်ခုလုံးနီးပါးကို ပေးလိုက်ရသည့် အကြမ်းဖက်စစ်ကောင်စီက ရခိုင်တောင်ပိုင်းမှ အဓိကကုန်သွယ်ရေးမြို့တစ်ခုဖြစ်သည့် တောင်ကုတ်မြို့ကို လမ်းခရီးပိတ်ဆို့ခြင်း၊ စစ်ဆေးဖမ်းဆီးခြင်းများ ပြုလုပ်လာနေကြောင်းသိရသည်။


ဆက်စပ် သတင်းများ