သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

မင်ပြားရာမောင်တံတားသစ်ပြီးစီး၊ များမကြာမီ အသုံးပြုခွင့်ရတော့မည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ မေ ၂၀၂၁
  • | ကြည့်ရှုသူ: 2.4k

ချစ်အိလှိုင်

နိရဉ္စရာ၊ မေ ၁၁/ ၂ဝ၂၁

ရခိုင်ပြည်နယ်၊ မင်းပြားမြို့ရှိ ရန်ကုန်-စစ်တွေကားလမ်းမကြီးမှ ရာမောင်တံတားသစ် တည်ဆောက်မှုမှာ ယခု ၂ဝ၂၁ ခုနစ်မေလဒုတိယအပတ်တွင် ပြီးစီးသွားပြီဟု သတင်းရရှိသည်။

တံတားပြီးစီးခဲ့ပြီဖြစ်သော်လည်း ခံနိုင်ရည်စစ်ဆေးရန်လိုသေးသဖြင့် ဖြတ်သန်းခွင့်မပေးသေးကြောင်း၊ ယခုလအတွင်းတွင် စစ်ဆေးရေးအဖွဲ့ရောက်ရှိပါက အများပြည်သူ အသုံးပြုခွင့်ရတော့မည်ဖြစ်ကြောင်း လမ်းတံတားအထူးအဖွဲ့(၇)မှ  ဒုတိယညွှန်ကြားရေးမှူး ဦးမင်းခိုင်က နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

တံတားပိုင်းဆိုင်ရာကပြီးသွားပြီ။ တံတားချဉ်းကပ်လမ်းနှစ်ဖက်လည်းခင်းပြီးပြီ။ တံတားခံနိုင်ရည် (Load Test) စမ်းဖို့ပဲကျန်တော့တယ်။ လာမယ့် ၁၃ ရက်နေ့ကနေ ၂ဝ ရက်နေ့အတွင်းမှာ ဆောက်လုပ်ရေးဝန်ကြီးဌာနရုံးအဖွဲ့ကလာစစ်မယ်။ အခုလအတွင်းအကုန်လုံးပြီးစီးမှာပါ။ တံတားခံနိုင်ရည်စစ်ပြီးရင် အများပြည်သူအကုန်အသုံးပြုခွင့်ရပါတော့မယ်ဟု ပြောသည်။

ရာမောင်တံတားဆောက်လုပ်ရေး ပြီးဆုံးရက်မှာ ယခုမေလ ၃၁ ရက်နေ့ဖြစ်ကြောင်း ၄င်းကဆက်ပြောသည်။

 ကေသီဦးကားဂိတ်မန်နေဂျာ ဦးအောင်ဝင်းရွှေက ဒီသတင်းက ကျွန်တော်တို့အတွက် ဝမ်းသာစရာသတင်းပါ။ အခုဇက်ရေယာဉ်နဲ့ဖြတ်နေရတာက အလှည့်ကျဖို့ကို ကားတစ်စီး တစ်စီးကို မနည်းစောင့်ရတယ်။ မနေ့ကဆိုရင် ကုန်စိမ်းပါတဲ့ကျွန်တော်တို့ကားဖြတ်ဖို့ အလှည့်ကို တစ်သိန်းခွဲနဲ့ဝယ်ပြီး ဖြတ်ခဲ့ရတယ်။ အမြန်ဆုံးသာ တံတားကဖြတ်သန်းခွင့်ရချင်ပါပြီ။ ပြည်နယ်ကောင်စီကို တံတားအမြန်ဆုံးဖြတ်သန်းခွင့်ရဖို့တောင်းဆိုချင်တယ်ဟုပြောသည်။

တံတားအသစ်တည်ဆောက်နေချိန်တွင် ကုန်တင်ကားများ၊ လူစီးကားများမှာ ဇက်ကူးတို့သင်္ဘောဖြင့် ရာမောင်မြစ်ကို ဖြတ်ပြီး ပို့ဆောင်ရသဖြင့် အလှည့်ကျရန် ကားများအနေဖြင့် နာရီနှင့် ချီပြီး စောင့်ဆိုင်းရကာ တစ်ခါ တစ်ခါ ဇက်သင်္ဘောများ စစ်ပျက်နေ၍ သုံးရက် လေးရောက်ထိ စောင့်ဆိုင်းရမှုများလည်း ရှိကြောင်း ၎င်းက ပြောကြားသည်။

  ဒီတံတားအသစ်ကို တည်ဆောက်နေတုန်းကဆိုရင် ဇက်နဲ့ ကူးရတဲ့အတွက် အချိန်တွေ မကြန့်ကြာသင့်ဘဲကြာခဲ့ပြီး ရခိုင်ပြည်နယ် ကုန်စည်စီးဆင်းမှုက အရမ်းနှေးကွေးခဲ့တယ်။ ဒီတံတားဖွင့်မှ ကားသမားတွေရော၊ ခရီးသည်တွေရော စိတ်ချမ်းသာနိုင်မယ်ဟု ၎င်းက ဆိုသည်။

၄င်းရာမောင်တံတားကို လွန်ခဲ့သည့် ၂ဝ၁၈ ခုနစ်၊ အောက်တိုဘာ ၁ ရက်နေ့တွင် စတင် တည်ဆောက်ခဲ့ပြီး တည်ဆောက်ချိန် လေးနှစ်ခန့်ကြာခဲ့ကြောင်း လမ်းတံတားအဖွဲ့၏ ပြောပြချက်အရသိရသည်။

(ပြီးစီးသွားသော ရာမောင်တံတားသစ်ကိုတွေ့ရစဉ်/ Photo - U Than Naing)

ဆက်စပ် သတင်းများ