သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

လမ်းချဲ့ရန်အတွက် စစ်တွေမှ သက္ကေပြင်အပါအဝင် ကျေးရွာ ၅ ခုမှ လမ်းဘေးဝဲယာရှိကျူးကျော်နေအိမ်များနှင့် စျေးဆိုင်ခန်းကို ဖယ်ရှားတော့မည်ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ ဒီဇင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 6.3k

ချစ်အိလှိုင်
နိရဥ္စရာ၊ ဒီဇင်ဘာ ၂၃/ ၂ဝ၂၁
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တွင် မူဆလင်ကျေးရွာများဖြစ်ကြသည့် လက်မချေ၊ သဲချောင်း၊ ဒါးပိုင်၊ မှန်စီနှင့် သက္ကေပြင်ကျေးရွာများမှ ကားလမ်းဘေးဝဲယာတစ်လျှောက်ရှိ ကျူးကျော်နေအိမ်များနှင့် စျေးဆိုင်ခန်းများကို ဖယ်ရှားသွားမည်ဟု သတင်းရရှိသည်။
လက်ရှိတွင် အဆိုပါကျေးရွာများကို ဖြတ်သန်းဖောက်လုပ်ထားသည့် ကားလမ်းမှာ လမ်းအကျယ် ပေ ၁ဝ ပေခန့်သာကျန်ရှိတော့သဖြင့် လမ်းအကျယ်ချဲ့ရန်အတွက် လမ်းဘေးဝဲယာရှိ ကျူးကျော်နေအိမ်များနှင့် စျေးဆိုင်ခန်းများကို ဖယ်ရှားရန် ပြည်နယ်ကောင်စီက ညွှန်ကြားထားကြောင်း ဒေသခံများက ပြောသည်။
သဲချောင်းမူဆလင်ကျေးရွာတာဝန်ခံ ဦးအီဆုက “ဘယ်နေ့ ဖြိုရမယ်လို့ မပြောခဲ့ဘူး။ ဝါးတိုင်တွေ လာစိုက်ထားပြီ။ အိမ်လည်း နည်းနည်းပါသွားမယ်။ ဆိုင်ခန်းဆိုရင် သဲချောင်းမှာ အနည်းဆုံး ၃ဝဝ ရာလောက်ပါသွားမယ်။ စျေးထဲကဆိုင်အကုန်လုံးနီးပါးပါမယ်။ ဒါးပိုင်မှာက ကျွန်တော်တို့ထက် များမယ်ထင်တယ်။ စုစုပေါင်း ၅၀၀ ထက်မနည်း ဖယ်ရှားခံရနိုင်တယ်” ဟုပြောသည်။
လမ်းတိုးချဲ့ရာတွင် လမ်းတစ်ဘက်စီ ပေ ၅ဝ စီနှင့် နှစ်ဘက်ပေါင်း ပေ ၁ဝဝ အတွင်းရှိ နေအိမ်များနှင့် စျေးဆိုင်များအနေဖြင့် နောက်ဆုတ်ပေးရမည်ဖြစ်သလို လုံးဝမလွတ်ကင်းသော အဆောက်အအုံများကိုမူ ဖယ်ရှားသွားမည်ဟု သိရသည်။
အဆိုပါကျေးရွာများသို့ လွန်ခဲ့သည့် ဒီဇင်ဘာ ၁၇ ရက်က ပြည်နယ်ကောင်စီမှတာဝန်ရှိသူများ ရောက်ရှိလာပြီး စစ်တွေတက္ကသိုလ်လမ်းဆုံမှ မှန်စီကျေးရွာ ကားလမ်းတစ်လျှောက် လမ်းတိုးချဲ့မည့်မြေနေရာများကို သတ်မှတ်ခဲ့သည်ဟုလည်း ဒေသခံများက ပြောသည်။
လက်ရှိတွင် လမ်းပေါ်သို့ စျေးဆိုင်များ၊ နေအိမ်များတိုးချဲ့ဆောက်လုပ်လာသည့်အတွက် အဆိုပါကားလမ်း၏ လမ်းအကျယ်ပေမှာ တစတစ နည်းပါးလာသဖြင့် ကျောင်းတက်ကျောင်းဆင်းပြုလုပ်နေကြသည့် ကျောင်းသား ကျောင်းသူများနှင့် ဒေသခံလမ်းသွားလမ်းလာများအတွက် သွားလာရန် အခက်အခဲဖြစ်လာသည်ဟု ဆိုသည်။
ယခုလို လမ်းချဲ့မည့်အပေါ် ကြိုဆိုကြောင်း ဒါးပိုင်ကျေးရွာတာဝန်ခံဦးမောင်လှမြင့်က နိရ ဉ္စရာကို ပြောသည်။
“လမ်းက ၁ဝ ပေတောင်မရှိတော့ဘူး။ ကလေးတွေကျောင်းသွားရင် ဆိုင်ကယ်တွေနဲ့ အန္တရာယ်များတယ်။ ဒီလို လမ်းချဲ့ဖို့ လုပ်လိုက်တာကောင်းပါတယ်။ ကျွန်တော်တို့ ဒါးပိုင်မှာ ဆိုင်ခန်း ၂ဝဝ ထက်မနည်းပါသွားမယ်ထင်တယ်။ သက္ကေပြင်မှာတော့ လမ်းအကျယ်ရှိတာဆိုတော့ ဆိုင်ခန်း နည်းနည်းပဲ ပါသွားမယ်ထင်တယ်” ဟုပြောသည်။
အဆိုပါဖယ်ရှားခံရမည့် အထဲတွင် နေအိမ်အချို့အပါအဝင် သဲချောင်းနှင့် ဒါးပိုင်ကျေးရွာ ပျံကျစျေးများမှ စျေးဆိုင်များအပါအဝင် စျေးဆိုင်ခန်း ၅ဝဝ ထက်မနည်းဖယ်ရှားခံရမည်ဟု ဒေသခံများက နိရဥ္စရာအားပြောသည်။
ရခိုင်ပြည်နယ်ကောင်စီပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်း၏ လူမှုကွန်ရက်စာမျက်နှာတွင်လည်း “စစ်တွေမြို့နယ်ရှိ သက္ကေပြင်၊ သဲချောင်းသွားသည့် လမ်းဘေးဝဲယာတွင် ကျူးကျော်နေမှုများပြားနေသည့်အတွက် ၄င်းကျူးကျော်များအား ရှင်းလင်းရန်အတွက် ခရိုင်အုပ်ချုပ်ရေးမှူး၊ ဒကစ၊ ရကဖ(၄) တို့၏ကြီးကြပ်မှုဖြင့် ကော်မတီဖွဲ့ပြီး ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်သွားရန်”ဟု ယနေ့ ဒီဇင်ဘာလ ၂၃ ရက် နံနက်က သတင်းထုတ်ပြန်ဖော်ပြထားသည်။
၄င်းကိစ္စနှင့်ပတ်သက်၍ ကျေးရွာတာဝန်ခံများထံသို့ တစ်စုံတစ်ရာ ထပ်မံအကြောင်းကြားလာမှု မရှိသေးသည့်အတွက် မည်သည့် အချိန်ဖယ်ရှားရှင်းလင်းမည်ဆိုသည်ကိုမသိရသေးသလို ဖယ်ရှားခံရမည့်သူများကလည်း တစ်စုံတစ်ရာ တင်ပြတောင်းဆိုမှုများ မရှိသေးကြောင်း ကျေးရွာတာဝန်ခံများက ပြောသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်ကောင်စီပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းနှင့် စစ်တွေမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လွင်တို့ထံ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရခဲ့ပါ။
ဓာတ်ပုံ - သဲချောင်းရွာကားလမ်းအနီးရှိ စျေးဆိုင်များနှင့် စျေးရောင်းနေသူများအား ၂ဝ၂၁ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်က တွေ့ရစဉ်။ Photo - ဇော်ဝင်းအောင် / နိရ ဉ္စရာ

ဆက်စပ် သတင်းများ