သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်းမြို့လယ်ရှိ စျေးဆိုင်ခန်း ၈ဝ ကို ဖြိုဖျက်ရန် အမိန့်ထုတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ ဇွန် ၂၀၁၉
  • | ကြည့်ရှုသူ: 2.6k

ဆောင်းဇာခြည်
နိရဥ္စရာ၊ ဇွန် ၁၈ ∕၂ဝ၁၉

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့လယ်ရှိ ရဲစခန်းဟောင်း မြေပေါ်တွင် ဆောက်လုပ်ထားသည့် စျေးဆိုင်ခန်း ၈ဝ ကို မြို့လုံခြုံရေးအတွက်ဟုဆိုကာ နေရာမှ ဖယ်ရှားပေးရန် အမိန့်ပေးခံနေရကြောင်း သိရသည်။

အဆိုပါဆိုင်ခန်းများကို ဇွန်လ ၁၃  ရက်နေ့တွင် ပုဏ္ဏားကျွန်းရဲစခန်းမှ  စခန်းမှူးဦးဆောင်ပြီး သက်ဆိုင်ရာများနှင့် ဆိုင်ခန်းများသို့ လှည့်လည်ကြည့်ရှုခဲ့ပြီးနောက် ဇူလိုင်လ ၁ ရက်နေ့နောက်ဆုံးထား ဖယ်ရှားပေးကြရန် လာရောက်အကြောင်း ကြားခဲ့ခြင်း ဖြစ်ကြောင်း ဆိုင်ခန်းပိုင်ရှင်များက ပြောသည်။

“ကျွန်တော်တို့ ဒီမှာနေတာ နှစ် ၂ဝ ကျော်နေပါပြီ။ အပေါ်ထပ်မှာနေတယ်။ အောက်ထပ်မှာက စျေးဆိုင်ခန်းဖွင့် ထားတယ်။ ခုလိုလုပ်တော့ ကျွန်တော်တို့ ဘယ်မှာသွားနေရမှာလဲ။ အထက်ကိုလည်း အသနားခံစာတင်တာ အခါခါရှိနေပါပြီ။ ဒီအလုပ်က အသက်မွေးဝမ်းကျောင်းဖြစ်နေပြီ။ တကယ်ကို မထွက်ပေးချင်ပါဘူး။  ကိုယ့်ရဲ့ ခြံကိုလည်း သံယောဇဉ်တွယ်နေပြီလေ။ အခက်ခဲတွေက အများကြီး ဖြစ်တယ်” ဟု ပုဏ္ဏားကျွန်းမြို့မှ ထမင်းဆိုင်ပိုင်ရှင် ဦးစံရွှေကျော်က  နိရဥ္စရာသို့ ပြောသည်။

အဆိုပါဆိုင်ခန်း ၈ဝ တွင် လျှပ်စစ်ပစ္စည်းအရောင်းဆိုင်၊ စားကုန်ဆိုင်၊ ကွန်ပျူတာဆိုင်၊ စားသောက်ဆိုင်၊ ထမင်းဆိုင်များနှင့် အခြားဆိုင်များစွာပါဝင်ကြောင်း၊ ယခုလက်ရှိတွင် ရဲစခန်းကိုလည်း မြို့ပြင် ကားလမ်းဘေးသို့ ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ကြောင်း၊ ရဲစခန်းဟောင်း လိုင်းတန်းတွင် ရဲမိသားစု အနည်းငယ်သာ နေထိုင်နေကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

စားကုန်ဆိုင်ပိုင်ရှင်တစ်ဦးဖြစ်သူ မအေးယုခိုင်က “ကျွန်မတို့မှာ ဒီအလုပ်ကအသက်မွေးဝမ်းကျောင်းပါ။ ဒီမှာနေတာကလည်း နှစ်၂ဝ နီးပါးရှိနေပါပြီ။ သူတို့ဆီက မြေနေရာလည်း မပေးဘူး။ ကျွန်မတို့ ပြောတော့လည်း သူတို့ကလက်မခံဘူး။ အထက်က ညွှန်ကြားချက်အတိုင်း လုပ်ရတာလို့ ပြောတယ်။” ဟု နိရဥ္စရာသို့ ပြောသည်။

အဆိုပါဆိုင်ခန်းများရှိသည့်နေရာသည် ပုဏ္ဏားကျွန်းမြို့၏ မြို့မစျေးအနီးတွင်တည်ရှိပြီး မြို့၏အဓိက အချက်အချာကျသောနေရာတစ်ခုဖြစ်သည်။ အဆိုပါဆိုင်ခန်းများကို မြို့နယ်လုံခြုံရေးတိုးမြှင့်ရန်အတွက် ဖယ်ရှားပေးရမည့်အကြောင်းကို သက်ဆိုင်ရာများမှ ၂ဝ၁၈ ခုနှစ်၊ ၉ လပိုင်းခန့်က ပထမအကြိမ် အမိန့်ပေးခဲ့ပြီးနောက် ယခု ဒုတိယအကြိမ်အမိန့်ပေးလာခြင်းဖြစ်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ပုဏ္ဏားကျွန်းရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက “ရဲတပ်ဖွဲ့နားက ဆိုင်ခန်းတွေကို ဖယ်ရှားပေးဖို့ ကျွန်တော်တို့ လွန်ခဲ့တဲ့ ၆ လလောက်ကတည်းက ကြိုပြောပြီးသားပါ။ ဆိုင်ခန်းတွေက ဒီရဲစခန်းရဲ့နယ်မြေထဲမှာ ဆိုင်ခန်းတွေနဲ့ဖြစ်ဖြစ်ပေါ့။ စီးပွားမရှာရဘူးဆိုပြီး ကျွန်တော်တို့က ဖယ်ခိုင်းရတာပါ။ သူတို့က မြေနေရာမရှိဘူး၊ အခက်ခဲဖြစ်နေတယ်ဆိုတာကလည်း ဒါသူတို့က ပုဏ္ဏားကျွန်းမြို့ကပဲလေ။”ဟု ပြောသည်။
စစ်တွေမြို့လယ်ရှိ အမှတ်(၁)ရဲစခန်းပတ်ပတ်လည်တွင်ရောင်းချနေသည့် စျေးဆိုင်ခန်း ၇၆ ခန်းကိုလည်း စခန်းလုံခြုံရေးတိုးမြှင့်ရန်ဟုဆိုကာ ဇွန်လ ၁၅ ရက်နေ့က အပြီးဖြိုဖျက်ခဲ့ရကြောင်းလည်း သိရသည်။

ဖြိုဖျက်ခံလိုက်ရမည့်ဆိုင်ခန်းပိုင်ရှင်များ အနေဖြင့် မြေနေရာ အစားထိုး မရရှိဘဲဖြစ်နေသည့်အတွက် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်းလည်း သိရသည်။

ဓာတ်ပုံ - နေရာမှဖယ်ရှားပေးရန် အမိန့်ပေးခံနေရသည့် စျေးဆိုင်ခန်းအချို့အားတွေ့ရစဉ်။

ဆက်စပ် သတင်းများ