သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

နိုင်ငံသားများရခိုင်မြောက်ပိုင်းမသွားရန် စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနမှသတိပေးချက် The Strait Times ကထပ်မံဖော်ပြ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ ဇူလိုင် ၂၀၁၉
  • | ကြည့်ရှုသူ: 9.8k


နှင်းဝေဝေကျော်
နိရဥ္စရာ ၊ ဇူလိုင် ၁၃ / ၂ဝ၁၉

စင်္ကာပူနိုင်ငံသားများအနေဖြင့် ရခိုင်ပြည်မြောက်ပိုင်းသို့ ခရီးမသွားကြရန် စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်ဟု စင်္ကာပူ နိုင်ငံထုတ် The Strait Times သတင်းစာက “ Singaporeans should defer travel to Myanmar's northern Rakhine State: MFA” ခေါင်းစည်းဖြင့် ယနေ့ ဖော်ပြလိုက်သည်။

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့အကြား တိုက်ပွဲ ဖြစ်ပွား နေသည့် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဘူးသီးတောင် ၊ ကျောက်တော် ၊ မောင်တော ၊ မင်းပြား ၊ မြောက်ဦး ၊ ပုဏ္ဏားကျွန်း နှင့် ရသေ့တောင် ဒေသများကို ခရီးသွားလာခြင်းမပြုရန် ဇူလိုင်လ(၁)ရက် နေ့ရက်စွဲဖြင့် စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားခြင်းကို The Strait Times သတင်းစာက ဇူလိုင်လ ၁၃ ရက်နေ့တွင် ထပ်မံဖော်ပြလိုက်ခြင်း ဖြစ်သည်။

အဆိုပါသတင်းကို ရခိုင်အသင်း(စင်္ကာပူ)ခေါင်းဆောင် ၆ ဦးအား စင်္ကာပူရဲနှင့် လဝကတို့က ဖမ်းဆီး၍ မြန်မာပြည်သို့ ပြန်ပို့လိုက်ပြီးနောက် ယခုကဲ့သို့ ဖော်ပြလာခြင်းလည်းဖြစ်သည်။

ထိုထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(ALD)၏ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က “ နိုင်ငံတကာမှာရှိတဲ့ နိုင်ငံခြားတိုင်းပြည်တွေမှာ အထူးသဖြင့် ဒါမျိုးတွေက အမေရိကန် တို့လည်း ဒါမျိုးတွေဖြစ်တာရှိတယ်။ တနည်းအားဖြင့်ပြောရရင် သူတို့နိုင်ငံသားတွေရဲ့ အသက်အန္တရာယ်မဖြစ်အောင် ဒီဒေသဟာ မလုံခြုံဘူးဆိုရင် သူတို့ နိုင်ငံသားတွေမှာ သွားခွင့်ပိတ်တယ်ဆိုတဲ့ ဟာမျိုးက နိုင်ငံတကာမှာရှိတဲ့ ဥပဒေအရ သူတို့လုပ်ထုံးလုပ်နည်းနဲ့အညီ လုပ်တယ်လို့ပဲ ကျနော်တို့က အဲလိုခန့်မှန်းထားတယ်” ဟု ပြောသည်။

လုံခြုံရေး အကြောင်းပြချက်ဖြင့် စင်္ကာပူနိုင်ငံသားများအား ရခိုင်သို့ မသွားရန် သတိပေးချက် ထုတ်ပြန်ထားခြင်းနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူးသို့ ယနေ့ ညနေ ၄ နာရီကျော်က ဖုန်းဆက်သွယ်ရာ ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိပါ။

စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန၏သတိပေးထုတ်ပြန်ချက်တွင် လုံခြုံရေး အခြေအနေမတည်ငြိမ်ဘဲ အချိန်မရွေးဆိုးရွားနိုင်သောကြောင့် စင်္ကာပူ နိုင်ငံသားများအနေဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ အခြား ဒေသများ ကိုလည်း မလိုအပ်ဘဲ မသွားရောက်ရန်၊ ရခိုင်ပြည်နယ်တွင် ရောက်ရှိ နေသည့် စင်ကာပူသားများနှင့် မြန်မာနိုင်ငံကိုသွားရောက်မည့် စင်င်္ကာပူသားများ အနေဖြင့် ဘေးကင်းလုံခြုံရေးအတွက် သတိဝီရီယ ထားပြီး ကြိုတင် ပြင်ဆင်မှုများရှိကြရန် ၊ ဒေသဆိုင်ရာ သတင်းများကို အဆက်မပြတ် နားစွင့်ပြီး ညွှန်ကြားချက်များကို လိုက်နာကြရန်စသည့် အချက်များ ပါရှိသည်ဟု သိရသည်။

ယခုတစ်ပတ်ထဲတွင်လည်း မြန်မာနှင့်စင်္ကာပူရေတပ်တို့အကြား ပူးတွဲ စစ်ရေးလေ့ကျင့်ခဲ့ပြီး နှစ်နိုင်ငံအကြား ခိုင်မာသည့်စစ်ရေးဆက်ဆံရေး တည်ဆောက်ခြင်းနှင့် ဒေသတွင်းနိုင်ငံများအကြား လက်တွေ့ကျသည့် ပူးတွဲစစ်ဆင်ရေးများ လုပ်နိုင်ရန် ယခုကဲ့သို့ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု  The Strait Times သတင်းစာတွင် ဖော်ပြထားသည်။

ဆက်စပ် သတင်းများ