သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ရခိုင်မှ လေးမြို့နယ် အင်တာနက်လိုင်း ပြန်ရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ စက်တင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 9.8k

မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ စက်တင်ဘာ ၁

အင်တာနက်လိုင်းအပိတ်ခံထားရသည့် ရခိုင်ပြည်နယ်မှ မြို့နယ် ရှစ်မြို့နယ်အနက် မြို့နယ်လေးမြို့နယ်တွင် ယနေ့မှစတင်ကာ အင်တာနက်လိုင်း ပြန်လည်ရရှိသွားပြီဖြစ်ကြောင်း သိရသည်။

ရခိုင်မှ မြို့နယ် ၈ ခုဖြစ်သည့် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားနှင့် မြေပုံ  မြို့နယ် တို့တွင် ဇွန်လ ၂၁ ရက်နေ့မှစတင်ကာ အင်တာနက်လိုင်းများ ဖြတ်တောက်ခံခဲ့ရခြင်း ဖြစ်သည်။

အင်တာနက်လိုင်းအပိတ်ခံထားရသည်မှာ နှစ်လကျော် ကြာမြင့်ခဲ့ပြီးနောက် ယနေ့ စက်တင်ဘာလ ၁ ရက်နေ့ နံနက် အစောကြီး ၁ နာရီခန့်မှစတင်ကာ အင်တာနက်လိုင်းများကို အပိတ်ခံထားရသည့်  ၎င်းမြို့နယ် ၈ ခုထဲမှ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်နှင့် မြေပုံမြို့နယ်များတွင် ပြန်လည်ရရှိခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

"အခုလို အင်တာနက်လိုင်းပြန်ရတော့ ကမ္ဘာကြီးနဲ့ ပြန်ပြီး အဆက်အသွယ် ရသလို ခံစားရပါတယ်။ အခုက သတင်းနဲ့ နည်းပညာခေတ်ဆိုတော့ သတင်းအချက်အလက်တွေကို အခုလို အချိန်နဲ့ တပြေးညီသိရတဲ့အတွက် ကျနော်တို့ ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ်"ဟု မောင်တောမြို့နယ်တွင် တာဝန်ကျနေသည့် ကျောင်းဆရာ ဦးအောင်သိန်းက နိရဥ္စရာကို ပြောသည်။

သို့သော် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြားမြို့နယ် များတွင်မူ အင်တာနက်လိုင်းများ အပိတ်ခံထားရဆဲဖြစ်၍ စိတ်မသက်မသာဖြစ်ရသည်ဟု  ဒေသခံတစ်ဦးက ပြောသည်။

"ကျနော်တို့ မင်းပြားမှာတော့ ခုထိ အင်တာနက်လိုင်း ပြန်မရသေးဘူး။ အစိုးရက လေးမြို့နယ်ပဲ ပြန်ဖွင့်ပေးတယ်လို့ ကြားပါတယ်"ဟု မင်းပြားမြို့မှ ကိုညီညီအောင်က နိရဥ္စရာကို ပြောသည်။

တိုက်ပွဲများဖြစ်ပွားနေသည့်ရခိုင်ပြည်နယ်မှ အဆိုပါမြို့နယ် ရှစ်မြို့နယ်အပါအဝင် ချင်းပြည်နယ် ပလက်ဝမြို့နယ်များတွင် MPT၊ Telenor ၊ Ooredoo နဲ့ Mytel အစရှိသည့် ဆက်သွယ်ရေးကုမ္ပဏီများကို ဇွန်လ ၂၁ ရက်နေ့မှစတင်ကာ အင်တာနက်လိုင်းများဖြတ်တောက်ထားရန် ဆက်သွယ်ရေးဝန်ကြီးဌာနက ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

ယင်းနောက် ရခိုင်ပြည်နယ်မှ မြို့နယ် ၈ ခုတွင်  အင်တာနက် လိုင်းများအမြန်ဆုံးပြန်လည်သုံးစွဲခွင့်ပြုရန် ပြည်ထောင်စုအစိုးရကို တိုက်တွန်းသည့်အဆိုကို ဇွန်လ ၂၆ ရက်နေ့တွင် ရခိုင်ပြည်နယ် လွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြု တောင်းဆို ခဲ့ကြသည်။

ပြည်ထောင်စုလွှတ်တော်တွင်မူ  ရသေ့တောင်မြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက အင်တာနက်လိုင်းများကို အမြန်ဆုံးပြန်ဖွင့်ပေးရန် ပြည်ထောင်စု အစိုးရသို့ တိုက်တွန်းသည့်အရေးကြီးအဆိုကို ဇူလိုင်လဒုတိယပတ်အတွင်းက တင်ပြခဲ့သော်လည်း  ဆွေးနွေးခွင့်မရခဲ့ဘဲ ပယ်ချခံခဲ့ရကြောင်း သိရသည်။

ဆက်စပ် သတင်းများ