သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

စိုင်းတင်ရေတံခွန် အလှတရားများမပျက်စီးစေရန် စွန့်ပစ်ပစ္စည်းများကို စနစ်တကျစွန့်ပစ်ရန်လိုအပ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ ဖေဖော်ဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 2k

ဇွဲဓန (ကိန်းသာမြ)
နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၅ / ၂၀၂၁

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်စိုင်းတင်ရှိ စိုင်းတင်ရေတံခွန်၏ သဘာဝအလှတရားများ မပျက်စီးစေရန်နှင့် ရေနေသတ္တဝါများကို ထိန်းသိမ်းကာကွယ်ရန်အတွက် စွန့်ပစ်ပစ္စည်းများကို စနစ်တကျ စွန့်ပစ်ရန်လိုအပ်နေကြောင်း လူမှုအသိုင်းဝိုင်း တာဝန်ရှိသူများက ပြောကြားသည်။

ယခုလက်ရှိ ရခိုင်ပြည်နယ်တွင် စစ်ဖြစ်ပွားမှုမရှိသည့်အတွက် စိုင်းတင်ရေတံခွန်ကြီးသို့အပျော် ခရီးသွားကြသူတို့ အဆက်မပြတ် သွားလာနေမှုရှိနေ၍ အထူးစည်ကားနေသည်ဟု သိရှိရသည်။

စိုင်းတင်ရေတံခွန်သို့ အပျော်ခရီးသွားကြသော လူများသည် ၄င်း၏သဘာဝအလှတရားကို ထိန်းသိမ်း ပေးကြရန်နှင့် စွန့်ပစ်ပစ္စည်းများအား စနစ်တကျစွန့်ပစ်စေလိုကြောင်း ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးအောင်သောင်းရွှေက ပြောသည်။

̏ အခုက ပွင့်လင်းရာသီဆိုတော့ စိုင်းတင်ရေတံခွန်ကို လူတော်တော်များများက အပျော်ခရီး သွားကြတယ်။ သူတို့မှာ စားဖို့သောက်ဖို့ ယူဆောင်လာတဲ့ ပစ္စည်းတွေ ပါလာတယ်။ သူတို့က စားပြီးရင် အဲဒီစွန့်ပစ်ပစ္စည်းတွေကို စနစ်တကျ မစွန့်ပစ်ကြဘူး။ အဲဒီမှာ ကျနာ်တွေ့ခဲ့တာက ဘီယာဗူးခွံတွေ ပလက်စတိတ်အိတ်ခွံတွေ ပုလင်းခွံတွေ မြင်တွေ့ခဲ့တယ်။ ပြီးတော့ ထမင်းကျန် ဟင်းကျန် တွေကိုလည်း တွေ့ခဲ့တယ်။ ဒါတွေက စိုင်းတင်ရဲ့ သဘာဝအလှကို ပျက်စီးစေတယ်။ စိုင်းတင်ရဲ့အလှ မပျက်စီးရအောင် အဲဒီကိုသွားတဲ့ လူတွေ ထိန်းသိမ်းပေးကြပါလို့ပြောချင်တယ် ̋ ဟု ၄င်းက ပြောသည်။

လူသုံးကုန်ပစ္စည်းများဖြစ်ကြသော စွန့်ပစ်ပစ္စည်းများအား စည်းကမ်းမဲ့စွန့်ပစ်မှုကြောင့် မူလ အတိုင်းရှိနေသော တောတောင် ရေမြေ သဘာဝအလှတရားများ အကျဉ်းတန် ရုပ်ဆိုး ပျက်စီးနိုင်ကြောင်း စိမ်းပြာသဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ ဒု-ဥက္ကဋ္ဌ ကိုမိုးကျော်က ပြောသည်။
̏ ကျနော်တို့ မြို့ပေါ်တွေမှာ လူသုံးကုန်ပစ္စည်းဖြစ်တဲ့ လျှပ်စစ်ပစ္စည်း အပျက်တွေထက် ပလပ်စတစ် အမှိုက်တွေက မပျက်စီးပဲနဲ့ အကြာကြီး သဘာဝအလှတရားကို ပိုပြီး အကျဉ်းတန်ရုပ်ဆိုးစေတယ်။ ဘုရားဖူး ခရီးစဉ်တွေ ရေတံခွန်တွေကို အပျော်သွားခရီးစဉ်တွေ ထွက်ကြရှိတယ်။ ပြီးတော့ လေ့လာရေး ခရီးထွက်တဲ့နေရာတွေမှာ စားဖို့သောက်ဖို့ ထည့်ယူလာတဲ့ အိတ်ခွံတွေ၊ အဖျော်ရည်ဗူးခွံတွေ၊ အရက် ပုလင်းခွံတွေ၊ ဘီယာဗူးခွံတွေကို စည်းကမ်းမဲ့ စွန့်ပစ်ခဲ့တဲ့အခါ အဲဒီနေရာမှာရှိတဲ့ သူ့သဘာဝ ပတ်ဝန်းကျင်ကို အများကြီး ထိခိုက် ပျက်စီးစေတယ်။ တောတောင်တွေ မှာဆိုရင် ဇီဝမျိုးကွဲ သတ္တဝါတွေရှိကြတယ်။ အဲသလို စည်းကမ်းမဲ့ စွန့်ပစ်လိုက်တဲ့ ပစ္စည်းတွေကြောင့် သူတို့အတွက် အရမ်းကြီး အခက်ခဲရှိတယ်။ နဂိုရှိတဲ့ သဘာဝအလှတရားတွေလည်း အများကြီး ပျက်စီးသွားမှာဖြစ်တယ် ̋ ဟု ၄င်းက ပြောသည်။

မေယုဒေသ ဘူးသီးတောင်မြို့နယ်ရှိ စိုင်းတင်ရေတံခွန်သည် အလွန် သာယာလှပပြီး ရခိုင်ဒေသ၌ အကြီးမားဆုံးနှင့် အမြင့်ဆုံး ရေတံခွန်တစ်ခုဖြစ်သည်။ စိုင်းတင်ရေတံခွန်သည် ပေ ၇၀ ခန့်မြင့်ပြီး အကျယ် ပေ ၇၀၀ ခန့်ရှိသည်။ ပေ ၅၀၀ ကျော်မြင့်သော တောင်တန်းကြီး နှစ်ခုအကြား ကျောက်လွှာပြတ်မှ ရေလုံးကျဆင်းလျှက် စိုင်းတင်ချောင်းအရှည်မှာ အလျားမိုင် ၃၀ ရှိပြီး မြောက်ဘက် ဘင်္ဂလားဒေ့ရှ်နယ်စပ်အထိရှည်လျားသည်ဟု သိရှိရသည်။

ဆက်စပ် သတင်းများ