သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

စိုင်းတင်ရေတံခွန်တွင် အမှိုက်ကင်းစင်ရေးနှင့်အရက်လျော့သောက်ရေး ကမ်ပိန်းပြုလုပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ ဖေဖော်ဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 7.1k

ဆောင်းဇာခြည်

နိရဉ္စရာ၊ ဖေဖော်ဝါရီ ၂၂/ ၂၀၂၁

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ စိုင်းတင်ရေတံခွန်တွင် အမှိုက်ကင်းစင်ရေးအတွက် အမှိုက်ကောက်ကမ်ပိန်းနှင့် အရက်လျော့ချသောက်ရေး ကမ်ပိန်း လှုပ်ရှားမှုတစ်ခုကို  ယမန်နေ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

၎င်းကမ်ပိန်းကို ယမန်နေ့က နံနက် ၁၀ နာရီကျော်မှ ညနေ ၄ နာရီခန့်အထိ ဘူးသီးတောင်မြို့ရှိ စာပေဥယျာဉ်အဖွဲ့က  ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့မှ ဥက္ကဋ္ဌ ကိုအောင်ချေက ပြောသည်။

စိုင်းတင်ကို ထိန်းသိမ်းဖို့လိုနေပြီ။ ခရီးသွားပြည်သူတွေ များလာတာနဲ့အမျှ အမှိုက်တွေ အရမ်းများလာတယ်။ ဒါကြောင့် ကျွန်တော်တို့က စိုင်းတင်ကို မပျက်စီးစေချင်ဘူး။ စိုင်းတင်က အရုပ်ဆိုးလာပြီ။ အမှိုက်တွေ များလာတော့လေ။ အရက်တွေသောက်ကြတယ်။ ပုလင်းခွံတွေကို ခွဲပစ်ခဲ့တာတွေရှိတယ်။ စိုင်းတင်မှာက ရေအရမ်းနက်တယ်၊ ကျယ်ဝန်းတယ်။ အဲဒီနေရာမှ အရက်တွေသောက်ပြီး မူးရင် အန္တရာယ်များပါမယ်။ ဒါကြောင့် အရက်လျော့သောက်ကြဖို့အတွက် ဒီကမ်ပိန်းကို လုပ်ရတာပါဟု နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

ရေတံခွန်သို့ လာရောက်လည်ပတ်သူများအတွက် အိမ်သာ ၈ လုံးခန့်နှင့် အမှိုက်ပုံးများ လိုအပ်နေကြောင်းလည်း သူက ဆက်ပြောသည်။

အိမ်သာ ၈ လုံးလောက်နဲ့ အမှိုက်ပုံးတွေ လိုအပ်နေပါတယ်။ မနေ့ကဆို ကျွန်တော်တို့ လက်လှမ်းမီသလောက်တော့ အကုန်လုံးနီးပါး အမှိုက်တွေကို ကောက်ခဲ့ကြပါတယ်။ မီးရှို့တာရှို့၊ စုတဲ့အမှိုက် တွေကို စုခဲ့တယ်။ အဓိက စိုင်းတင်အလှကို ကျွန်တော်တို့က ထာဝရ ခရီးသွားနိုင်ဖို့ အတွက်ပေါ့။ အမှိုက်တွေရှိရင် လူတွေက သွား/လာကြတော့မှာ မဟုတ်ဘူးလေ။ ဒါကြောင့် လုပ်ရတာပါ။ အခုလိုလုပ်ရတဲ့အတွက် အရမ်းဝမ်းသာပါတယ်။ ရခိုင်ပြည်မှာ အထင်ကရလည်း ဖြစ်တယ်၊ အကြီးဆုံးရေတံခွန် တစ်ခုလည်းဖြစ်တယ်။ အဲဒါကြောင့် အကုန်လုံးမှာ တာဝန်ရ ှိတယ်ပေါ့နော်။ အကုန်လုံးက ပူးပေါင်းပါဝင်ပေးကြဖို့လည်း မျှော်လင့်ပါတယ်ဟု ပြောသည်။

၎င်းစိုင်းတင်ရေတံခွန်တွင် ဖေဖော်ဝါရီ ၁၃ ရက်နေ့ကလည်း အသက် ၂၀ အရွယ် လူငယ် တစ်ဦးရေနစ်သေဆုံးသွားခဲ့ပြီး ၆ ရက်အကြာမှ အလောင်းကို ပြန်လည် ရရှိခဲ့ကြောင်း သိရသည်။

ယင်းရေတံခွန်သို့ ကမ်ပိန်းသဘောမဟုတ်ဘဲ တစ်ပတ်တစ်ကြိမ်ခန့် စာပေဥယျာဉ်အဖွဲ့မှ သွားရောက် အမှိုက်ကောက်ပေးခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း ၄င်းက ဆက်ပြောသည်။

စိုင်းတင်ရေတံခွန်ကို အပတ်စဉ် သောကြာ၊ စနေ၊ တနင်္ဂနွေနေ့တို့တွင် ဖွင့်လှစ်ပြီး လာရောက်သူ ထောင်နှင့်ချီရှိကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

ဆက်စပ် သတင်းများ