တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်း-ရသေ့တောင်ကားလမ်းမဖွင့်ပေးသေးဟု ပစကအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းသန်းပြော


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ မတ် ၂၀၂၁
  • | ကြည့်ရှုသူ: 4.4k

ဇွဲဓန (ကိန်းသာမြေ)

နိရဉ္စရာ၊ မတ်လ ၆  / ၂၀၂၁

ပြည်သူများ အသုံးများသည့် ပုဏ္ဏာကျွန်း-ရသေ့တောင် ကားလမ်းကို မဖွင့်ပေးသေးကြောင်း ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီ (ပစက) အဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းသန်း နိရဉ္စရာသို့  ယနေ့ နေ့လယ်ဆက်သွယ်မေးမြန်းစဉ် ပြောကြားသည်။

ကားလမ်းဖွင့်လိုက်ပြီဟု သတင်းများ ထွက်ပေါ်လာပြီးနောက်ပိုင်း ခရီးသည်တင်ယာဉ်အချို့  ၎င်းလမ်းကို ဖြတ်သန်းစဉ် နယ်မြေခံ ကင်းစခန်းဂိတ်တစ်ခုမှ သွားလာခွင့်မပြုခဲ့သဖြင့် ၎င်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ဗိုလ်မှူးကြီးမင်းသန်းကို မေးမြန်းစဉ် ကားလမ်းကို ဖွင့်ပေးထားခြင်း မရှိသေးကြောင်း ပြောကြားသည်။

အဲဒီကားလမ်းမှာ မိုင်းတွေရှိလို့ မဖွင့်ပေးသေးဘူး။ ပြီးတော့ အဲဒီကားလမ်းက ဖွင့်ပေးထားတဲ့ လမ်းထဲမှာ မပါသေးဘူး။ ဒီလမ်းကို ဘယ်တော့ ဖွင့်ပေးမှာကိုလည်း ကျနော်လည်း မသိဘူးခင်ဗျားဟု ပြောသည်။

 ပုဏ္ဏာကျွန်းနှင့် ရသေ့တောင် ကားလမ်းကို ဖွင့်လိုက်ပြီဟု ကြားသိရ၍ ကိုယ်တိုင်မောင်းနှင်းသွားကြည့်ရာတွင် လက်ဝဲစာတိုက်ရွာအနီးမှ စစ်တပ် စစ်ဆေးစဲရေးဂိတ်က ဖြတ်သွားခွင့်မပြု၍ ပြန်လှည့်လာရသောကြောင်း စစ်တွေမြို့၊ မင်းဂံအကွက်(၇)က  ခရီးသည် တင်ပို့နေသူ ကားမောင်းသမား ကိုထွန်းလှကျော်က ပြောသည်။

 အဲဒီလမ်းကို ဖွင့်ပေးထားပြီလို့ ကျနော်တို့က သတင်းတွေ တင်ထားတာကိုမြင်လို့ သိရတာပါ။ ဆိုတော့ ကျနော်တို့လည်း အဲဒီလမ်းက ရသေ့တောင်ကို သွားကြည့်တာပေါ့။ သွားကြည့်တော့ အဲဒီဂိတ်က ကျနော်တို့ကို စစ်ဆေးတယ်။ သူတို့က ဘယ်ကိုသွားလဲမေးတယ်။ ကျနော်တို့က ရသေ့တောင်ကို သွားတာလို့ ပြောတယ်။ ကျနော်တို့က လူလေးယောက် ကားလေးစီးဖြစ်တယ်။ ခရီးသည်တွေတော့ မပါဘူး။ ကားသမား သက်သက် သွားတာပါ။ ကျနော်တို့လည်း လမ်းကြောင်း အခြေနေကို သွားကြည့်တာပေါ့။ ကျနော်တို့ ကားတွေက ရသေ့တောင်ကို ခရီးသည်တင်ဆောင်နေတဲ့ ကားတွေဖြစ်တယ်လို့ ပြောတယ်။ သူတို့ပြောတာက သွားလို့မရဘူးလို့ ပြောတယ်ဟု ပြောသည်။

၎င်းလမ်းတွင် ကျန်းမာရေးအရ အရေးပေါ်ကားများမှ အပ ခရီးသည်တင်ကားများကို ခွင့်မပြုသေးကြောင်း စစ်တပ်က ပြောကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

သွားလို့မရဘူးဆိုရင် ဘယ်လိုဖြစ်လို့လည်းဆိုပြီး စစ်တပ်က တာဝန်ရှိသူတွေကို မေးကြည့်တယ်။ သူတို့က ပြောတာက နာရေးကိစ္စတွေ ကျန်းမားရေး ကိစ္စတွေ အရေးပေါ်ကိစ္စတွေ အတွက် ဖွင့်ပေးထားတာလို့ ပြောတယ်။ ခရီးသည်တွေ တင်ယူပို့ဆောင်ဖို့ဆိုရင် သွားလို့မရဘူးလို့ ပြောတယ်။ ကျနော်တို့ ပြန်လာခဲ့ရတယ်။ သွားလို့မရခဲ့ဘူး။ဟု ပြောသည်။

ရသေ့တောင်မြို့နှင့် ပုဏ္ဏားကျွန်းမြို့ အကြား ဖောက်လုပ်ထားသည့် ကားလမ်းသည် အလျား ၂၂ မိုင် ၆ ဖာလုံခန့်ရှည်လျားပြီး စစ်တွ-ရန်ကုန် ပြည်ထောင်စုကားလမ်းမနှင့် ဆက်သွယ်ထားသော လမ်းဖြစ်သဖြင့် လူသွားလူလာများပြားသည့် ကားလမ်းတစ်လမ်းဖြစ်သည်။

 ၎င်းလမ်းမှာ စရိတ်စခ သက်သာပြီး အချိန်တိုအတွင်း ရောက်ရှိသဖြင့် ၎င်းလမ်းကို ပြန်လည်ဖွင့်ပေးရန် ဒေသခံများက လိုလားနေကြောင်း သိရှိရသည်။

 အဆိုပါ ကားလမ်းကို တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) တို့အကြား စစ်ရေး ပဋိပက္ခ ဖြစ်ပွားမှုကြောင့် ပိတ်ထားသည်မှာ ယခုလက်ရှိ ၁၀ လ ကျော်နီးပါး ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။

ဆက်စပ် သတင်းများ