သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ရန်ကုန် လှည်းကူးမြို့နယ်ရှိ ရခိုင်အိမ်ထောင်စု ၁၁၈ စု စားဝတ်နေရေးခက်ခဲနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဇူလိုင် ၂၀၂၁
  • | ကြည့်ရှုသူ: 6.2k

အောင်လင်းထွန်း
နိရဥ္စရာ၊ ဇွန် ၂၁ /၂ဝ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်တွင် ဝင်ရောက်နေထိုင်လျက်ရှိသည့် ရခိုင်အိမ်ထောင်စု ၁၁၈ စုတွင် စားဝတ်နေရေး ခက်ခဲနေသည်ဟု သတင်းရရှိသည်။
သူတို့သည် စက်ရုံ၊ အလုပ်ရုံများတွင် ဝင်ရောက်လုပ်ကိုင်နေကြသည့် အခြေခံလက်လုပ်လက်စားများဖြစ်ပြီး ကိုဗစ်ကာလနှင့် ယခုအရေးပေါ်အခြေအနေများကြောင့် စက်ရုံ၊ အလုပ်ရုံများပိတ်ထားသည့်အတွက် စားဝတ်နေရေးအခက်ကြုံနေရခြင်းဖြစ်သည်ဟု သိရသည်။
ယခုကဲ့သို့ အခက်အခဲဖြစ်နေ၍ သူတို့အတွက် တစ်အိမ်ထောင်လျှင် ဆန် (၈)ပြည်ကိုလည်း ယမန်နေ့ ဇွန်လ ၂၀ ရက်နေ့တွင် ရခိုင်အမျိုးသားကွန်ရက်က သွားရောက်ကူညီပေးခဲ့ကြောင်း သိရသည်။
ရခိုင်အမျိုးသားကွန်ရက်ဥက္ကဋ္ဌ ကိုတင်ထူးအောင်က "သူတို့တွေဟာ ရခိုင်ပြည်နယ်ထဲက ၆ မြို့နယ်က လူတွေဒီကိုရောက်နေကြတာကြာပြီ။ ရွေ့ပြောင်းလုပ်သားတွေဖြစ်တယ်။ ကိုဗစ်ကြောင့် ပထမတစ်ခေါက်ကလည်း ပိတ်ထားတယ်။ အရေးပေါ်အခြေအနေကြောင့်လည်း တစ်ချို့ စက်ရုံ၊ အလုပ်ရုံတွေပိတ်၊ အပြင်ထွက်အလုပ်အကိုင်လုပ်ဖို့ခက်ခဲခဲ့တယ်။ အဲဒါကြောင့် စားဝတ်နေရေးအခဲအခက် အလွန်တရာဖြစ်လာတာကြောင့် ကျနော်တို့ကူညီထောက်ပံ့ပေးခဲ့တာဖြစ်တယ်။" ဟု ပြောသည်။
ယခုအခက်အခဲဖြစ်နေကြသူများသည် ရခိုင်ပြည်နယ် ဘူးသီးတောင်၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ သံတွဲ၊ မင်းပြားနှင့် ရသေ့တောင် စသည့် မြို့နယ်(၆)ခုမှဖြစ်ပြီး လှည်းကူးမြို့နယ်ရှိ တိုးချဲ့ရပ်ကွက်များအတွင်း ရွေ့ပြောင်းနေထိုင်နေကြသည်မှာ ကြာမြင့်နေပြီဟု သိရသည်။
ဓာတ််ပုံ- ရခိုင်အမျိုးသားကွန်ရက်

ဆက်စပ် သတင်းများ