သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

မြေပုံမြို့နယ်ညောင်ကန်မှ လက်နက်ကြီးကျည်စထိမှန်ခဲ့၍ ဘယ်ဘက်လက် ပုံမှန်မလှုပ်ရှားနိုင်သေးသည့် မနှင်းယုလှိုင် တတိယအကြိမ်ရန်ကုန်တွင်ခွဲစိတ်ကုသမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ သြဂုတ် ၂၀၂၁
  • | ကြည့်ရှုသူ: 5.4k

သန္တာကျော်ဇော

နိရဥ္စရာ၊ သြဂုတ် ၁၆/ ၂၀၂၁

 

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ညောင်ကန်ကျေးရွာမှ လက်နက်ကြီးကျည်စ ဦးခေါင်းကို ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ယနေ့ထိ ဘယ်ဘက်လက်လှုပ်ရှား၍ မရသေးသည့်  အသက် ၂၂အရွယ် မနှင်းယုလှိုင်သည်  သြဂုတ်လကုန်ခါနီးတွင် တတိယအကြိမ်ထပ်မံ၍ ရန်ကုန်သို့သွားရောက် ဆေးကုသမှုခံယူရန် လိုအပ်နေကြောင်းသိရသည်။

 

သူမ၏ဖခင်ဦးမောင်ဖြူသီးက နေလို့တော့ကောင်းပါတယ်။ ဘယ်ဖက်လက်တစ်ဖက်ကတော့ ကိုင်လို့လှုပ်လို့မရဖူးဖြစ်နေတယ်။ ဒါပေမဲ့ အယင်တုန်းကထက်စာရင်တော့ နဲနဲရလာတယ်။ ကိုဗစ်နဲ့ဆိုတော့ အကျပ်အတည်းတွေများတယ်။ ရန်ကုန်ကိုအခုတတိယတခေါက်အဖြစ် ဆေးသွားကုဖို့အတွက် ဘယ်လိုသွားလာရမယ်မှန်းလည်း မသိဘူးဖြစ်နေတယ်။ ဆရာဝန်ကတော့ သုံးလတစ်ကြိမ်လောက်လာခိုင်းတယ်။  အခုတော့ အကူအညီအထောက်အပံ့တွေ မရဘူး။ ငါးလပိုင်းကတစ်ခေါက်သွားတုန်းကတော့ ရခိုင်ပြည်ကျောင်းသားသမဂ္ဂအဖွဲ့က လမ်းစရိတ်နဲ့ ဆေးကုစရိတ်တွေ ထောက်ပံ့ပေးတယ်ဟုသူကပြောသည်။

 

သူမသည် လက်ရှိအချိန်တွင် စကားပီပီသသပြောနိုင်နေပြီဖြစ်သော်လည်း ဘယ်ဖက်လက်မှာ ပုံမှန်အတိုင်း ကောင်းကောင်းမွန်မွန်မလှုပ်ရှားနိုင်သေးကြောင်းသိရသည်။ သူမသည် ရန်ကုန်ရှိ ပန်းကျောင်း၊ မဟာမြေဆေးရုံတွင် ဆေးကုသမှုခံယူရန် သုံးလတစ်ကြိမ်သွားရန် လိုအပ်နေကြောင်းလည်း သိရသည်။

 

မနှင်းယုလှိုင်မှာ ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပြီးနောက် စစ်တွေဆေးရုံတွင် ဆေးရုံတွင် ၄၆ ရက်ကြာ ဆေးကုသမှုခံယူခဲ့ပြီးနောက် ရန်ကုန်သို့သွားရောက်ကုသမှုခံယူခဲ့သည်။ လက်ရှိတွင် ရန်ကုန်သို့ဆေးကုသမှုခံယူရန် သွားရောက်ခဲ့သည်မှာ နှစ်ကြိမ်တိုင်ရှိခဲ့ပြီ ဖြစ်ပြီး ၈ လပိုင်းကုန်ခါနီးတွင် တတိယတစ်ကြိမ်သွားရောက်ကုသရန် အကူအညီအထောက်အပံ့များ လိုအပ်နေကြောင်း မိသားစုဝင်များပြောပြချက်အရ သိရသည်။

 

အဝေးသင်နောက်ဆုံးနှစ်ကျောင်းသူ မနှင်းယုလှိုင်သည် ပြီးခဲ့သည့် ၂၀၂ဝပြည့်နှစ်၊ စက်တင်ဘာလ ၈ ရက်နေ့က မြေပုံမြို့နယ်၊ ညောင်ကန်ကျေးရွာအတွင်းသို့ အနီးအနားရှိ တပ်စခန်းတစ်ခုက ပစ်လိုက်သည့် လက်နက်ကြီးကျည် ရွာထဲကျရောက်ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ထိုဖြစ်စဉ်တွင် သူမအပါအဝင် ကလေးငယ်နှစ်ဦး၊ ကျောင်းဆရာမတစ်ဦးနှင့် အရပ်သားတစ်ဦး စုစုပေါင်းလေးဦး သေဆုံးခဲ့သည်။

ဆက်စပ် သတင်းများ