တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ရခိုင်သို့ စက်ယန္တရားများတင်သွင်းရာတွင် ထောက်ခံချက်ရရှိရန် ၁လ ခန့်စောင့်ဆိုင်းနေရ၍ နစ်နာမှုများရှိနေဟု လုပ်ငန်းရှင်များပြော


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ ဒီဇင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 10.1k

ထက်အောင်
နိရဥ္စရာ၊ ဒီဇင်ဘာ ၂၈/၂၀၂၁
ရခိုင်ပြည်နယ်အတွင်းသို့ ရန်ကုန်မှ လယ်ထွန်စက်၊ စပါးရိတ်စက်၊ ဘတ်ဟိုးနှင့် အခြားစက်ပစ္စည်းများကို တင်သွင်းမည်ဆိုပါက ပြည်နယ်ကောင်စီမှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၏ ထောက်ခံချက်လိုအပ်ပြီး ထိုထောက်ခံချက်ရရန်အတွက် ၁ လခန့်အကြာစောင့်ဆိုင်းနေရကြောင်း လုပ်ငန်းရှင်များက ပြောသည်။
စက်ယန္တရားများတင်သွင်းသည့် စစ်တွေမြို့မှ လုပ်ငန်းရှင်တစ်ဦးက “လွန်ခဲ့တဲ့ တစ်လလောက်ကတော့ လုံ/နယ်ဝန်ကြီးဆီက ခွင့်ပြုချက်လက်မှတ်တောင်းပြီးတော့ ဖြတ်သန်းသွားလာရတာအဆင်ပြေပါတယ်။ အခုနောက်ပိုင်းမှာ ထောက်ခံချက်လက်မှတ်တောင်းရတာ အခက်အခဲရှိပါတယ်။ အဆင်မပြေကြဘူး” ဟု ပြောသည်။
ထိုကဲ့သို့ စက်ယန္တရားများ ဖြတ်သန်းရာတွင် လွန်ခဲ့သည့် တစ်လခန့်က ခွင့်ပြုချက်တင်ရသည်မှာ အဆင်ပြေသော်လည်း ယခုဒီဇင်ဘာလအတွင်းမှစတင်ကာ ရက်သတ္တပတ် (၃)ပတ်၊ တစ်လနီးပါး စသည်ဖြင့် အချိန်ကြန့်ကြာမှုများနှင့် ကြုံလာရကြောင်း သိရသည်။
ထိုသို့ထောက်ခံချက်ရရှိရန် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရမှုကြောင့် လုပ်ငန်းရှင်များအနေဖြင့် အချိန်အားဖြင့်နစ်နာမှုရှိသည့်အပြင် ငွေကြေးများလည်း ဆုံးရှုံးနစ်နာမှုရှိသည်ဟု ဆိုသည်။
ယင်းအပြင် စက်ယန္တရားများတင်သွင်းလာသည့်အခါ အမ်းမြို့ရှိ စစ်ဆေးရေးဂိတ်များတွင် လနှင့်ချီပြီးသောင်တင်ကြန့်ကြာမှုများဖြင့်ကြုံရကာ အခက်အခဲများနှင့်ရင်ဆိုင်ရခြင်းကြောင်း အထက်ပါလုပ်ငန်းရှင်က ဆက်ပြောသည်။
“ဒီလိုအချိန်တွေကြန့်ကြာနေတော့ ဝင်ငွေဆုံးရှုံးတယ်။ စက်ယန္တရားတစ်စီးရဲ့ဝင်ငွေက တစ်ရက်ကို အနည်းဆုံး ၃ သိန်းနီးပါးရှိတယ်။ ဘတ်ဟိုးအကြီးဆိုရင်တော့ ၃ သိန်းခွဲကနေ ၈ သိန်းဝန်းကျင်ထိရှိတယ်။ အဲဒီကြားထဲမှာ တစ်လလောက်ကြန့်ကြာသွားရင် ဆုံးရှုံးမှုက အရမ်းများသွားပြီ။ ရန်ကုန်က ယန္တရားသယ်ယူတင်သွင်းတယ်ဆိုတာလည်း အရေးကြီးလို့ သယ်ယူကြတာပါပဲ” ဟု ဆိုသည်။
ယခုကဲ့သို့ လယ်ထွန်စက်၊ စပါးရိတ်သိမ်းစက်နှင့် ဘတ်ဟိုးများကဲ့သို့ စက်ယန္တရားများတင်သွင်းခွင့်ကို လုံ/နယ်ဝန်ကြီး၏ ထောက်ခံချက်မပါလျှင် အမ်းဂိတ်မှ ဖြတ်သန်းခွင့်မပြုသည်မှာ သံသယဝင်မိကြောင်း အမ်းဒေသခံ ကိုမျိုးလွင်က ပြောသည်။
“အမှန်က အဲဒီစက်တွေမှာ ပြဿနာဘာမှမရှိဘူး။ လယ်သမားတွေအတွက် စပါးအလျင်အမြန်ရိတ်သိမ်းနိုင်ဖို့ အထောက်အကူပြုတဲ့ စက်ယန္တရားဖြစ်ပါတယ်။ တောင်သူတွေအချိန်နဲ့တပြေးညီ စပါးရိတ်သိမ်းမှုတွေဖြစ်သွားမှာကို ပြည်နယ်အစိုးရက ကြောက်နေလားဆိုတာ ကျနော်တို့သံသယဖြစ်မိတယ်။ ဒါက မေးခွန်းထုတ်စရာလည်း ဖြစ်သွားပါတယ်” ဟု ပြောသည်။
ယခုကိစ္စများနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်ကောင်စီမှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရကိုဆက်သွယ်ရာ အစည်းအဝေးလုပ်နေသည်ဟု ၄င်း၏ကိုယ်ရေးအရာရှိက ပြန်လည်ဖြေကြားခဲ့သည်။
ရန်ကုန်မှ စစ်တွေသို့ ကုန်းလမ်းဖြင့် ဘတ်ဟိုးတစ်စီးကိုသယ်ယူမည်ဆိုလျှင် ကုန်ကျစရိတ် ကျပ် (၃၈)သိန်း အမြင့်ဆုံးကုန်ကျပြီး ရေကြောင်းမှ သင်္ဘောဖြင့်သယ်ယူလျှင် အနည်းဆုံး ကျပ် (၂၅) သိန်းမှ (၃၂) သိန်းထိ ကုန်ကျကြောင်း သိရသည်။
ကုန်းလမ်းမှတင်သွင်းလျှင် ၂ ရက်အတွင်းရောက်ပြီး သင်္ဘောဖြင့် တင်ဆောင်မည်ဆိုလျှင် ၁ လနီးပါးကြာမှ ရောက်ကြောင်း သိရသည်။

ဆက်စပ် သတင်းများ