သောကြာ၊ အောက်တိုဘာလ ၁၈ရက်၊ ၂၀၂၄

ဂွမြို့တွင် ဆေးဝါးပြတ်လပ်ပြီး အချိန်မီမကုသနိုင်၍ အသက် ၄၀ အရွယ်အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရဟု ဒေသခံများပြောဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 807

စောရှင်မေ၊ နိရဉ္စရာ၊ အောက်တိုဘာ ၉/၂၀၂၄

ရခိုင်ပြည်၊ တောင်ဘက်အစွန်ဆုံးမြို့ဖြစ်သည့် ဂွမြို့တွင် ဆေးဝါးပြတ်လပ်ပြီး အချိန်မီ ဆေးဝါးမကုသနိုင်၍ ငါးရောင်းချသူ အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦး သေဆုံး သွားသည်ဟု ဒေသခံများက ပြောကြားသည်။

သေဆုံးသူမှာ အသက် (၄၀)ခန့်ရှိသည့် ဒေါ်မဖြူဖြစ်ကြောင်း သိရသည်။

သူမသည် ယမန်နေ့ အောက်တိုဘာ ၈ ရက်က ဗိုက်အောင့်ရာမှ မြို့တွင် ဆေးဝါးပြတ်လပ်နေပြီး အချိန်မီမကုသနိုင်ခဲ့သည့်အတွက် သေဆုံးသွားခြင်းဖြစ်သည်ဟု နီးစပ်သူတစ်ဦးက ပြောသည်။

"ဗိုက်အောင့်တာ သေမယ့်ရောဂါလည်း မဟုတ်ဘူး။ အဓိက ဆေးမရှိလို့သေတာလေ" ဟု ပြောသည်။

ဂွမြို့နယ်တွင်းသို့  စစ်ရေးပြင်းထန်လာနေ၍ စစ်ကောင်စီက ဆေးဝါးတင်သွင်းခွင့်ကို ပိတ်ပင်ထားသည့်အတွက် ပြည်သူများမှာ  ကျန်းမာရေးအခန်းကဏ္ဍတွင် များစွာ အခက်တွေ့နေရသည်ဟု သူက ဆက်ပြောသည်။

"ဒီမှာက ဆေးဝါးတင်ခွင့်လည်းမရှိဘူး။ ဆေးရုံ၊ ဆေးခန်းလည်းမရှိဘူး။ စစ်ရေးကတမျိုး၊ အကုန်ဒုက္ခရောက်နေကြတာ။ ဘယ်လိုလုပ်ကြမလဲ"ဟု ပြောသည်။

ရခိုင်တွင် တကျော့တိုက်ပွဲဖြစ်ပွားပြီး စစ်ရေးကာလအတွင်း စစ်ကောင်စီက ဆေးဝါး တင်သွင်းခွင့်၊ သယ်ယူခွင့်များကို ပိတ်ပင်ထား၍ ဆေးဝါးများပြတ်လပ်ကာ  အသက်ဆုံးရှုံးသူများနှင့် ဆေးမကုသနိုင်သူအများအပြားရှိနေကြောင်း သိရသည်။

အလားတူ လက်ရှိ စစ်ရေးပြင်းထန်နေသည့် အမ်းမြို့နယ်တွင်လည်း စားသောက်ရေးကိုပင် နပ်မှန်အောင်မနည်းဖြတ်သန်းနေရချိန် ဆေးဝါးပြတ်လပ်နေ၍ ကျန်းမာရေးအတွက်ပါ စိန်ခေါ်မှုတစ်ရပ်ဖြစ်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

"ဆေးမကုနိုင်ဘဲ အသက်သေဆုံးတဲ့သူတွေလည်း အနီးအနားမှာရှိနေတယ်။ ပိုက်ဆံမရှိလို့ ဆေးမကုနိုင်ဘဲ ဒုက္ခခံနေရတဲ့သူတွေလည်း ရှိတယ်။ စစ်ဖြစ်ကတည်းကနေ တောက်လျှောက် ဒီလိုတွေ ခံစားနေရတာပေါ့"ဟု ပြောသည်။

တချို့လွတ်မြောက်နယ်မြေများတွင်လည်း ဆေးဝါးများပြတ်လပ်ကာ ပြည်မသို့ ဆေးဝါးကုသရန် ငွေကြေးမတတ်နိုင်သည့်အတွက် အလွန်အခက်အခဲဖြစ်နေကြသူများလည်း ရှိနေကြောင်း သိရသည်။

အာရက္ခတပ်တော်(AA)က ထိန်းချုပ်ထားသော မြို့နယ်များအနက် ကျောက်တော် မြို့နယ်တွင်လည်း ဆေးရုံ၊ ဆေးခန်းများအတည်တကျမရှိသေးသည့်အပြင် အိန္ဒိယလမ်းကြောင်းမှ ဆေးဝါးများတင်သွင်းရရှိနေသော်လည်း အဆမတန် ဈေးမြင့်တက်နေမှုများနှင့် ကြုံတွေနေရကြောင်း ဒေသခံတစ်ဦးကပြောသည်။

"တချို့ဆို ပိုက်ဆံမတတ်နိုင်တော့ ဆေးခန်းမပြဘဲ ဆိုင်တွေက ဆေးကဒ်တွေဝယ်သောက်ပြီး ရောဂါပိုဆိုးလာတာတွေရှိတယ်" ဟုပြောသည်။

ကျောက်တော်မြို့နယ်အတွင်း မိုင်းနင်း၍ ခြေထောက်ဖြတ်ထား ရသူများတွင် ခြေအတု တပ်ရန်အတွက် ခြေထောက်အရိုးများရှည်ထွက်လာသည်ကို ထပ်မံဖြတ်တောက်ရန် ဆေးရုံ၊ ဆေးခန်းမရှိ၍ ခြေတုမတပ်နိုင်ဘဲဖြစ်နေရသည်ဟု သိရသည်။

လက်ရှိ ရခိုင်တွင် မနာမကျန်းဖြစ်သည့် နာတာရှည်ရောဂါများအပြင် ယာဥ်မတော်တဆ ဖြစ်ပွားခြင်း၊ စစ်ရေးကြောင့် လက်နက်ထိမှန်ခြင်းတို့ကြောင့် လိုအပ်သလိုဆေးဝါးကုသမှု မရရှိနိုင်သည့်အတွက်လည်း စစ်ဘေးရှောင်များနှင့် ဒေသခံပြည်သူများ အသက်ဆုံးရှုံးမှု များလည်း ရှိနေကြသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလကပင် ရခိုင်ပြည်မှ ကုန်သွယ်ရေး၊ ဆက်သွယ်ရေး မပြုလုပ်နိုင်အောင် ကားလမ်း၊ ရေလမ်းများကို ပိတ်ဆို့ပြီး အပြစ်မဲ့ ရခိုင်ပြည်သူများအား အတိဒုက္ခရောက်ကာ အငတ်ဘေး ကျရောက်အောင်၊ ဆေးဝါးများ ပြတ်လပ်အောင် အစီအစဉ်ရှိရှိ ပိတ်ဆို့ဆောင်ရွက်ထားသည်။

လက်ရှိ ရခိုင်ပြည် လွတ်မြောက်နယ်မြေတချို့တွင် AA က ဆေးဝါးစောင့်ရှောက်မှုများ ပေးနေသော်လည်း လိုအပ်သည့်ဆေးပမာဏများ မရရှိနိုင်သေးဟုလည်း မြောက်ဦးဒေသခံ တစ်ဦးက ပြောသည်။

"တပ်တော်ကတော့ ကြိုးစားပြီး ဆေးဝါးစောင့်ရှောက်မှုတွေလုပ်နေကြပေမဲ့လည်း ဆေးဝါး အလုံအလောက်မရှိဘူး။ သောက်နေကျဆေးလည်း ဝယ်မရတာရှိတယ်။ ဈေးကြီးတာတမျိုး" ဟုပြောသည်။

ယခင်က ရခိုင်တွင် ဒီကိုလ်ဂျင်တစ်ကဒ်လျှင် ၁၀၀၀ ကျပ်၊ ပါရာစီတာမောတစ်ကဒ်လျှင် ၂၀၀ ကျပ်၊ amoxicillin (အမောက်ဆလိမ်)၂၅၀ မီလီတစ်ကဒ်လျှင် ၃၀၀ ကျပ်၊ ၅၀၀ မီလီ ၇၀၀ ကျပ်၊ ဘိုင်အိုဂျက်ဆစ်တစ်ကဒ်လျှင် ၇၀၀ ကျပ်၊ မစ်ဆာဂရက်ပ်တစ်ကဒ်လျှင် ၆၀၀ ကျပ်၊ စီထရင်းဇင်းတစ်ကဒ်လျှင် ၂၀၀ ကျပ် သာရှိခဲ့သည်။

လက်ရှိတွင် ဒီကိုလ်ဂျင်တစ်ကဒ်လျှင် ၅၀၀၀ ကျပ်၊ပါရာစီတာမောတစ်ကဒ်လျှင် ၁၅၀၀ ကျပ်၊ အမောက်ဆလိမ် ၂၅၀ မီလီတစ်ကဒ်လျှင် ၃၀၀၀ ကျပ်၊ ၅၀၀ မီလီ ၄၅၀၀ ကျပ်၊ ဘိုင်အိုဂျက်ဆစ် တစ်ကဒ်လျှင် ၃၅၀၀ ကျပ်၊ မစ်ဆာဂရက်ပ်တစ်ကဒ်လျှင် ၃၅၀၀ ကျပ်၊ စီထရင်းဇင်းတစ်ကဒ်လျှင် ၁၅၀၀ ကျပ် အထိရှိနေသည်။

ရခိုင်တွင် သက်ဆိုင်ရာတာဝန်ရှိသူများက ဆေးဝါးကုသမှုစောင့်ရှောက်ရေးနှင့် ဆေးဝါးများ လုံလုံလောက်ရရှိနိုင်ရန် တစ်ဘက်တစ်လမ်းက အတတ်နိုင်ဆုံးထိန်းချုပ်ပြီး လုပ်ကိုင် ဆောင်ရွက်ပေးရန် ပြည်သူလူထုများက တောင်းဆိုနေကြသည်။

ဆက်စပ် သတင်းများ