တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

သံတွဲ ရွှေလှေတံတားဦးအနီး တိုက်ပွဲဖြစ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 1.2k

ကံ့ကော်နီနီ နိရဉ္စရာ၊ မေ ၃ / ၂၀၂၄

ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ သူဌေးရေအားလျှပ်စီမံကိန်းအနီးဝန်းကျင်ရှိ ရွှေလှေတံတားဦးတွင် အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတို့ ယနေ့​နေ့လယ်ပိုင်းကတိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက နိရဉ္စရာသတင်းဌာနသို့ပြောသည်။

 

ယနေ့မေလ ၃ ရက်၊ နေ့လယ် ၂ နာရီဝန်းကျင်ကစတင်ကာ ရွှေလှေတံတားဦး လင်းသီကျေးရွာဘက် အခြမ်းနှင့် ချောင်းတဖက်ကမ်းရှိ တံတားဦးစားသောက်ဆိုင်တန်းဘက်မှ နှစ်ဘက်အပြန်အလှန် ပစ်ခတ်မှုများဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရွှေလှေတိုက်နယ်ဒေသခံတစ်ဦးက ပြောသည်။

 

 " လင်းသ ဘက်အခြမ်းနဲ့ ဟိုဘက်ကမ်းတံတားဦးဘက်အခြမ်းဖြစ်နေကြတာ။ စဖြစ်တုန်းက သေနတ်ငယ်ပစ်သံတွေပါကြားရတယ်။ အခုညနေပိုင်းတော့ လက်နက်ကြီးသံတွေလောက်ပဲ ကြားရတော့တယ်" ဟု ညနေ ၆ နာရီခွဲအချိန်ဆက်သွယ်မေးမြန်းစဥ် သူကပြောသည်။

 

အဆိုပါတိုက်ပွဲမှာ ညနေ ၄ နာရီအချိန်အထိလက်နက်ကြီးလက်နက်ငယ် ပစ်ခတ်မှုများရှိခဲ့ပြီး တံတားဦးစားသောက်ဆိုင်တန်းနောက်မှ တောင်တွင်လက်နက်ကြီးကျ၍ မီးလောင်နေသည်ကို လှမ်းမြင်နေရကြောင်း ရွှေလှေဒေသခံတစ်ဦးကပြောသည်။

 

 " ကျောင်းကုန်းရွာဘက်အခြမ်း တံတားဦးမှာစားသောက်ဆိုင်တန်းတွေရှိတယ်။ ကားတွေလာရင် အဲဒီမှာရပ်ပြီး ခရီးသည်တွေနားတဲ့နေရာ။ အဲဒီဆိုင်တန်းတွေရဲ့ နောက်ဖက်ကတောင်ဆိုရင် မီးခိုးတွေထွက်ပြီးမီးလောင်နေတာလှမ်းမြင်ရတယ်" ဟု သူကပြောသည်။

 

ယနေ့တိုက်ပွဲအတွင်း အထိအခိုက်အကျဆုံးအခြေအနေများကိုမူ မသိရှိနိုင်သေးကြောင်း ဒေသခံများကပြောသည်။

 

သူဌေးရေအားလျှပ်စစ်စီမံကိန်းအတွင်း ဆောက်လုပ်ရေးကုမ္ပဏီရုံးများရှိရာ ပလိုင်းချောင်းအပါအဝင် နေရာနှစ်ခုတွင် ဧပြီလ ၂၈ ရက်မနက်ပိုင်းတွင်လည်း အာရက္ခတပ်တော်နှင့် စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ကြသည်။

 

ဧပြီလ ၂၆ ရက်ကလည်း သူဌေးရေအားလျှပ်စစ်စီမံကိန်းအနီးဝန်းကျင်နေရာများတွင် အာရက္ခတပ်တော်နှင့် စစ်ကောင်စီတပ်တို့တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဖက်က အင်အား ၄၀ ခန့်ကျဆုံးမှုရှိပြီး ၄င်းတို့ထဲ ဒုတပ်ရင်းမှူးတစ်ဦးနှင့် ဗိုလ်ကြီးတစ်ဦးပါဝင်ကြောင်း ဒေသခံများက ပြောဆိုကြသည်။

 

သံတွဲမြို့နယ်၌ ဖြစ်ပွားနေသည့် အာရက္ခတပ်တော် နှင့် စစ်ကောင်စီတပ်တို့​၏ တိုက်ပွဲတွင်ပြည်သူ့စစ် သင်တန်းဆင်းသူများကို စစ်ကောင်စီက ပါဝင်တိုက်ခိုက်ခိုင်းနေပြီး ထွက်ပြေးမှုများ ရှိနေကြောင်း ဒေသခံများက နိရဥ္စရာသို့ပြောဆိုကြသည်။

 

သံတွဲတိုက်ပွဲများအတွင်း ပုရစ်၊ ရေကောက်နှင့် ဒေါ်မြရွာသစ်တို့မှ ထောင်နှင့်ချီသည့် အိမ်ထောင်စုများမှာ အိုးအိမ်စွန့်ခွာပြီး ရွာလုံးကျွတ်ထွက်ပြေးနေကြရသည်။

ဆက်စပ် သတင်းများ