သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

တရုတ်အာကာသယာဉ်အပိုင်းအစဟု ယူဆရသည့်အရာ၀တ္ထုတစ်ခု စစ်တွေမြို့အနီးပင်လယ်ပြင်သို့ ကျရောက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ နိုဝင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 6k

ချစ်အိလှိုင်
နိရဥ္စရာ၊ နိုဝင်ဘာ ၂၃/ ၂ဝ၂၁
သတိပေးမှု ထုတ်ပြန်ထားသည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ အာကာသယာဉ်၏ အပိုင်းအစဟု ယူဆရသည့် အရာတစ်ခုသည် ရခိုင်ပြည်နယ် စစ်တွေမြို့အနီး ပင်လယ်ပြင်သို့ ယနေ့ နံနက်က ကျရောက်သွားခဲ့ကြောင်း မျက်မြင်များက ပြောသည်။
အဆိုပါအာကာယာဉ်မှ အပိုင်းအစသည် မီးတောက်ကြီးနှင့်အတူ မီးခိုးငွေ့တန်းကြီးအဖြစ် ယနေ့ နံနက် ၆ နာရီခွဲခန့်က စစ်တွေမြို့နယ် လေးရှင်းတောင်မီးပြတိုက်ဟောင်းအနီးနှင့် ပေါက်တောမြို့နယ် မြေငူကျွန်းအနီး ရခိုင်ပင်လယ်ပြင် အတွင်းသို့ ကျရောက်သွားခဲ့သည်ကို မြင်တွေ့လိုက်ရသည်ဟု စစ်တွေပွိုင့်ကမ်းခြေတွင် လမ်းလျှောက်နေသူအချို့က နိရဥ္စရာသတင်းဌာနအားပြောသည်။
မျက်မြင် ကိုအောင်လင်းဟိန်းက “မီးခိုးတန်းမြင်ရတယ်။ ကျွန်တော်က လေယာဉ်များလားလို့ထင်မိခဲ့တာ။ သူ့ပုံစံက လေယာဉ် အနေအထားလည်း မဟုတ်တော့ ကျွန်တော်တို့က ဘာများလဲလို့ အံ့သြနေခဲ့မိတာ” ဟုပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနက သတိပေးထုတ်ပြန်ချက်တစ်ခုကို နိုဝင်ဘာလ ၁၇ ရက်နေ့က ထုတ်ပြန်ထားပြီး ယင်းထုတ်ပြန်ချက်သည် ရခိုင်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနသို့ ယမန်နေ့ နိုဝင်ဘာလ ၂၂ ရက်တွင် ရောက်ရှိလာခဲ့သည်ဟု သိရသည်။
ရခိုင်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနညွှန်ကြားရေးမှူး ဦးသက်ဦးက ယခုကိစ္စနှင့်ပတ်သက်၍ ရေလုပ်သားများအား အကြောင်းကြားထားပြီး အဆိုပါအပိုင်းအစကျရောက်မည်မှာ ဟုတ်မှန်ကြောင်း နိရဥ္စရာကို ပြောသည်။
“သူတို့သတ်မှတ်ထားတဲ့နေရာအနီးတဝိုက်ကိုပဲကျတာနေမှာပါ။ စစ်တွေမြို့ပေါ်ကကြည့်ရင် မီးခိုးတန်းဆိုတော့ အနီးအနားလို့ ထင်ရတာဖြစ်မှာပါ” ဟုပြောသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး အပျက်အစီး အထိအခိုက်များကိုမူ မသိရသေးပါ။
ငါးလုပ်ငန်းဦးစီးဌာန၏သတိပေးချက်ထုတ်ပြန်ချက်တွင်
“(က) တရုတ်ပြည်သူ့သမ္မတနိုင်ငံ မြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့အစည်း (CVI Aviation Authority of China - EAAC)၊ လေကြောင်း စီမံခန့်ခွဲမှုဗျူရို(Air Traffic Management Bureau)မှ အာကာသယာဉ်၏လှုပ်ရှားမှု(Spaceflight Activities)အား လေကြောင်း အန္တရာယ်ကင်းရှင်းစေရေးအတွက် သတိပေးခြင်းဖြစ်ကြောင်း၊ အဆိုပါလှုပ်ရှားမှုသည် (၂၃-၁၁-၂၀၂၁)ရက်နေ့ နံနက်(၀၆:၁၈) နာရီအချိန်မှ (၀၆:၄၀)နာရီအချိန်အတွင်း ဖြစ်နိုင်ခြေရှိကြောင်း၊ မြေပြင်မှ အမြင့်ပေအကန့်အသတ်မရှိ သက်ရောက်နိုင်ကြောင်း၊
(ခ) Spaceflight သက်ရောက်နိုင်သည့်ဧရိယာမှာ သံတွဲလေဆိပ်၏ အနောက်တောင်ဘက် ရေမိုင်(၃၄)မိုင်ခန့်၊ မာန်အောင်လေဆိပ်၏ တောင်ဘက် ရေမိုင်(၄၃)မိုင်ခန့်နှင့် ပုသိမ် လေဆိပ်၏အနောက်ဘက် ရေမိုင်(၆၅)မိုင်ခန့် အကွာ ဘင်္ဂလားပင်လယ်အော်အတွင်း ကျရောက်နိုင်ပါကြောင်း၊
(ဂ) သက်ရောက်မည့်ဧရိယာမှာ မြန်မာ့လေပိုင်နက်(Yangon Fir)အတွင်းရှိ International Airway P646 နှင့် N895/G472 တို့ကို သက်ရောက်မှု ရှိနိုင်သဖြင့် လေယာဉ်များ ဘေးအန္တရာယ်ကင်းရှင်းစေရန် လိုအပ်သော လေယာဉ်မှူးအသိပေးစာ(NOTAM) မြန်မာ့လေပိုင်နက်အတွင်း ဖြတ်ကျော်ပျံသန်းမည့် နိုင်ငံတကာလေကြောင်းလိုင်းများ သိရှိနိုင်ရန် ထုတ်ပြန်ထားပြီးဖြစ်ပါကြောင်း၊
(ဃ) လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တရုတ်နိုင်ငံ မြို့ပြလေကြောင်း ထိန်းသိမ်းရေးဌာနသို့လည်း မြန်မာနိုင်ငံအတွင်း Spaceflight အစိတ်အပိုင်းများ ရောက်၍ ထိခိုက်မှုတစ်စုံတစ်ရာ ဖြစ်ပွားခဲ့ပါက တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် တာဝန်ရှိကြောင်းကို အကြောင်းကြားထားပြီး ဖြစ်ပါကြောင်း” ဟုပါရှိသည်။
သို့ဖြစ်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ မြို့ပြလေကြောင်း အာဏာပိုင် အဖွဲ့အစည်း(Civil aviation Authority of China - CAAC), လေကြောင်းစီမံခန့်ခွဲမှုဗျူရို (Air Traffic Management Bureau)မှ အာကာသယာဉ်၏လှုပ်ရှားမှု (Spaceflight Activities) သတိပေးချက်နှင့်ပတ်သက်၍ မြန်မာ့ပင်လယ်ငါးလုပ်ငန်းရေပြင်၊ ရခိုင်ငါးဖမ်းကွက်နှင့် ဧရာဝတီငါးဖမ်းကွက်အတွင်း ငါးမျိုးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေသော ကမ်းဝေးငါးဖမ်း၊ ငါးသယ်ရေယာဉ်များနှင့် ကမ်းနီးငါးဖမ်းရေယာဉ်များ အန္တရာယ်ကင်းရှင်းစေရေးအတွက် သတိပြုရှောင်ရှားနိုင်ရေး အသိပေးထားခြင်းဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ - အာကာသယာဉ်အပိုင်းအစကျရောက်ခဲ့မှုမြင်ကွင်းနှင့် စစ်တွေမြို့အနီး လေးရှင်းတောင်မီးပြတိုက်ဟောင်းအား တွေ့ရစဉ်။
Photo - Mra Thiri and Narinjara

ဆက်စပ် သတင်းများ