- Web Master
- ၂၁ ဖေဖော်ဝါရီ ၂၀၂၃
မြထွီးသျှင်
နိရဥ္စရာ၊ ဧပြီ ၂၉/၂၀၂၂
CMD ပြုလုပ်ပြီး PDF ကို သင်တန်းပေးပြီးပြန်လာသည့် စစ်သားတစ်ဦးကို ငွေကြေး ကျပ်တစ်သောင်း ထောက်ပံ့သည်ဟု ဆိုကာ တောင်ကုတ်မြို့မှ CDM ဝင်နေသည့် ဆရာမဒေါ်ချယ်ရီသက်ရှည်အား ယမန်နေ့ ဧပြီ ၂၈ ရက်က သံတွဲခရိုင် တရားရုံးက အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)ဖြင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။
အမှုအားလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေက “ ထောင် ၁၀ နှစ်ချလိုက်ပါတယ်။ အယူခံ ဆက်တက်ပေးမယ်လို့တော့ ပြောထားတယ်။ သူကပိုက်ဆံတွေဘာတွေ ငွေကြေးလည်းမတတ်နိုင်ဘူး” ဟုပြောသည်။
ထောင်ဒဏ်ချခံလိုက်ရသူ အသက် ၄၀ အရွယ် အထက်တန်းပြဆရာမ ဒေါ်ချယ်ရီသက်ရှည်သည် တောင်ကုတ်မြို့၊ ကံပိုင်ရပ်ကွက်တွင် နေထိုင်ပြီး သူမကို ပြီးခဲ့သည့် နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက်တွင် ရဲတပ်ဖွဲ့နှင့် စရဖတို့က သူမ၏နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
CMD ပြုလုပ်ထားပြီး PDF ကို သင်တန်းပေးပြီး ပြန်လာသည့်စစ်သား တစ်ဦးအား K payမှ ငွေကြေး ထောက်ပံ့သည်ဟု ဆိုကာ တောင်ကုတ်စစ်တပ်တပ်ရင်းတစ်ခုမှ သူမအားအကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)ဖြင့် တရားစွဲခဲ့ကြောင်းသိရသည်။
လက်ရှိတွင် ဒေါ်ချယ်ရီသက်ရှည်အား သံတွဲအကျဉ်းထောင်ချုပ်တွင် ထိန်းသိမ်းထားကြောင်း သိရသည်။
သူမသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှ စတင်ကာ CDM လုပ်နေသူ ကျောင်းဆရာမ တစ်ဦးဖြစ်ကြောင်းလည်း သိရသည်။
ရခိုင်တွင် PDFကို ထောက်ပံ့သည်ဟုဆိုကာ ပြီးခဲ့သည့် ဖေဖော်ဝါရီလက မြောက်ဦးမြို့နယ်၊ ပန်းမော်ကျေးရွာမှ ရခိုင်လူငယ်စာရေးဆရာမင်းဒီပါကို မြောက်ဦးခရိုင်တရားရုံးက ပုဒ်မ ၅၀(ည)ဖြင့် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၀ နှစ်ချမှတ်ထားပြီး သံတွဲမြို့က အသက် ၂၅ နှစ်အရွယ် မတင်စန္ဒာဝင်း၊ အသက် ၃၅ နှစ်အရွယ် ဒေါ်ငြိမ်းအိသူကျော်နှင့် အသက် ၅၀ အရွယ် ဒေါ်စန်းချိုသိုက်တို့ကိုလည်း သံတွဲခရိုင် တရားရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေး ပုဒ်မ ၅၅(ည)ဖြင့် ၂၀၂၂ ခုနှစ် မတ် ၃၁ ရက်နေ့ ထောင်ဒဏ် (၁၀) နှစ်စီ အသီးသီးချမှတ်ခဲ့သည်။