တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ကျောက်တော်မြို့မှ ​မြန်မာရေကြောင်းပိုင် ရေယာဉ်နှစ်စင်းအား ရက္ခိုင်တပ်တော်သိမ်းပိုက်ယူဆောင်သွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 3k

ရခိုင်ပြည်နယ်ကျောက်တော်မြို့မှမြန်မာရေကြောင်းပိုင်ရေယာဉ်နှစ်စင်းအားရက္ခိုင်တပ်တော် (AA) က သိမ်းပိုက် ယူဆောင်သွားကြောင်း သတင်းရရှိသည်။

ထိုသို့ ယူဆောင်သွားခြင်းကို စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုဝင်ဘာ ၂၁ ရက် တိုက်ပွဲဖြစ်ပွားမှု အခြေအနေများနှင့် ပတ်သက်ပြီး ပြောကြားရာတွင် အတည်ပြု ပြောဆိုသွားသည်။

၎င်းရေယာဉ်နှစ်စင်းမှာ ရေနယား(၁) နှင့် ရေဘဝဲ(၄) ရေယာဉ်နှစ်စင်းဖြစ်သည်ဟု သိရသည်။

အဆိုပါရေနှစ်စင်းသိမ်းပိုက်ယူဆောင်သွားသည့် ကိစ္စကို ရက္ခိုင့်တပ်တော် ပြောခွင့်ရသူ ဦးခိုင်သုခက တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါ။

ယနေ့ နေ့လယ်က စတင်ဖြစ်ပွားခဲ့သည် ပေါက်တောမြို့ပေါ် တိုက်ပွဲနှင့် ပတ်သက်ပြီးလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့ရာတွင် ပေါက်တောတွင် မြန်မာတပ်မတော်နှင့် ရဲတပ်ဖွဲ့က ပေါက်တောမြို့ကို ပြန်လည်ထိန်းချုပ်ပြီးနောက် ကင်းလှည့်နေစဉ် အေအေက ပစ်ခတ်မှုများရှိခဲ့သည်ဟု ဆိုသည်။ နောက်ထပ် အသေးစိတ်ပြောကြားခြင်းမရှိခဲ့ပါ။



လက်ရှိ နိရဉ္စရာက ရရှိသောသတင်းများအရ ရက္ခိုင့်တော်က လုံခြုံရေး ကင်းလှည့်နေသည့် စစ်ကောင်စီ တပ်ဖွဲ့တိုက်ခိုက်ခြင်း မဟုတ်ဘဲ လောကထိပ်ပန်တွင် တပ်စွဲထားသည့် စစ်ကောင်စီ စစ်ကြောင်းနှင့် မြို့ထဲတွင်နေရာယူထားသည့် စစ်ကောင်စီတပ်ဖွဲ့များအား ဝင်ရောက်တိုက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

၎င်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လူသားဒိုင်းကာ အဖြစ် အသုံးပြုရန် ဓားစာခံ ခေါ်ဆောင်ထားသူ အရပ်သား ၁၀၀ ကျော်ကို ကယ်ထုတ်နိုင်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားအများအပြားကျဆုံးခဲ့ကြောင်း၊ အေအေဘက်ကလည် ထိခိုက်ကျဆုံးသူနှင့် ဒဏ်ရာရသူ အချို့ရှိခဲ့ကြောင်း ရက္ခိုင့်တပ်တော် (AA)က ထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် ပေါက်တောတိုက်ပွဲတွင် အထိနာပြီး အရှုံးနှင့် ရင်ဆိုင်ခဲ့ရသဖြင့် ရဟတ်ယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ စစ်တွေ အခြေစိုက်တပ်ရင်းများက လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်ခြင်းများပြုလုပ်ခဲ့သည်ဟု ဒေသသတင်းရင်းမြစ်များက ပြောဆိုထားသည်။

ပုံစာ- ရေနယား (၁) (ဓာတ်ပုံ- ပုံဟောင်းသာဖြစ်ပါသည်။)

ဆက်စပ် သတင်းများ